ChatGPT ပါတဲ့ ဒေါ်လာ ၁၀၀ တန် Nothing စမတ်နာရီ: ဖက်ရှင်ကျပြီး စျေးသက်သာတဲ့ AI Watch
Nothing ရဲ့ Sub-brand ဖြစ်တဲ့ CMF ကနေ Watch 3 Pro ဆိုတဲ့ နာမည်နဲ့ ဖက်ရှင်ကျပြီး စျေးနှုန်းသက်သာတဲ့ AI စမတ်နာရီတစ်လုံးကို ထုတ်လုပ်လိုက်ပါပြီ။ ဒီနာရီဟာ ဒေါ်လာ ၉၉ သာကျသင့်တာမို့ စျေးနှုန်းအရမ်းသက်သာတယ်လို့ ပြောလို့ရပါတယ်။ Fitness ဝါသနာရှင်တွေရော၊ ပုံမှန်အသုံးပြုသူတွေပါ ကြိုက်နှစ်သက်မယ့် Features တွေနဲ့ ပြည့်စုံစွာ ထုတ်လုပ်ထားပါတယ်။
CMF Watch 3 Pro မှာ ၁.၄၃ လက်မအရွယ် AMOLED နာရီအိုးဝိုင်း ဒီဇိုင်းကို အသုံးပြုထားပြီး ဘောင်ပါးပါးလေးတွေနဲ့ လာပါတယ်။ ဆီလီကွန်လက်ပတ်ကြိုးကို သုံးထားတာကြောင့် သက်တောင့်သက်သာရှိစေပါတယ်။ နာရီမျက်နှာပြင် (Watch Face) အမျိုးပေါင်း ၁၂၀ ကျော် ပြောင်းလဲနိုင်တာကြောင့် သင့်စိတ်ကြိုက် ဖက်ရှင်ကျကျ အလှဆင်နိုင်ပါတယ်။ ဒါ့အပြင် အားကစားပုံစံ (Sports Mode) ၁၃၁ မျိုး အထိ ထည့်သွင်းပေးထားလို့ လေ့ကျင့်ခန်းအမျိုးမျိုးအတွက် အထောက်အကူပြုမှာပါ။
ကျန်းမာရေး Features တွေအနေနဲ့ သွေးတွင်းအောက်ဆီဂျင် စောင့်ကြည့်စနစ် (SpO2)၊ စိတ်ဖိစီးမှုတိုင်းတာခြင်းနည်းပညာ၊ နှလုံးခုန်နှုန်းနဲ့ အိပ်စက်မှု ခြေရာခံစနစ် တွေအပြင် တစ်နေ့တာ ရေသောက်နှုန်းတွက်တာ၊ အထိုင်များရင် သတိပေးတာနဲ့ အမျိုးသမီးတွေ လစဉ်ကျန်းမာရေးကို စောင့်ကြည့်ပေးတာမျိုးအထိ ပါဝင်ပါတယ်။
CMF Watch 3 Pro ရဲ့ ထူးခြားတဲ့ Fitness Feature တစ်ခုကတော့ AI နဲ့ လေ့ကျင့်ခန်း လမ်းညွှန်ပေးနိုင်တာ ပါပဲ။ AI Coach စနစ်မှာ လေ့ကျင့်ခန်းလုပ်ပြီး ဆောင်ရန်ရှောင်ရန် အကြံဉာဏ်တွေပေးတာ၊ လေ့ကျင့်ခန်းလုပ်ဖို့ အစီအစဉ် (Plan) တွေ ဆွဲတာ၊ အားကစားလုပ်ပြီး ဆန်းစစ်ချက် ထုတ်တာတွေမျိုး ပါဝင်ပါတယ်။
ဒီနာရီမှာ ChatGPT ကို ထည့်သွင်း (Integrate) လုပ်ထားတာကြောင့် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နာရီကို အသံ (Voice Prompts) နဲ့ သိချင်တာတွေ မေးလို့ရသလို၊ လုပ်စရာကိစ္စတွေကို သတိပေးဖို့ Reminders တွေလည်း ထားလို့ရပါတယ်။ တစ်ခုခု မှတ်စရာရှိရင်လည်း အသံဖမ်းစက် (Voice Recorder) လို သုံးနိုင်ပြီး မှတ်သားထားတဲ့ အသံမှတ်စုတွေကို Note App ထဲမှာ စာသားအနေနဲ့ Auto-transcribe (အလိုအလျောက် စာသားပြောင်း) ပေးမှာ ဖြစ်ပါတယ်။
အပြေးသမားတွေနဲ့ တောင်တက်သမားတွေအတွက် လမ်းကြောင်းအတိအကျ ခြေရာခံနိုင်ဖို့ Dual-band GPS လည်း ပါဝင်ပါတယ်။ ဘက်ထရီသက်တမ်းအနေနဲ့ CMF Watch 3 Pro က ပုံမှန်အသုံးပြုမှုအတွက် ၁၃ ရက် အထိ ခံပြီး၊ Always-On Display ကို တောက်လျှောက် ဖွင့်ထားမယ်ဆိုရင်တော့ ၄ ရက်ခွဲ လောက်ပဲ အားခံမယ်လို့ ဆိုပါတယ်။
အရောင်အားဖြင့် မီးခိုးဖျော့၊ မီးခိုးရင့် နဲ့ လိမ္မော်ကာလာ ၃ ရောင်နဲ့ လာပြီး ဒေါ်လာ ၉၉ စျေးနှုန်းနဲ့ဆိုတော့ တကယ်ကို စျေးနှုန်းချိုသာပြီး Features စုံလင်တဲ့ Smartwatch တစ်လုံးလို့ ဆိုရမှာပါ။






