မူးယစ်မှောင်ခိုမှုနဲ့ အကျဉ်းကျနေတဲ့ ပရီစတန် သော်ဖီ (Preston Thorfi) လို့ခေါ်တဲ့ အကျဉ်းသားတစ်ဦးဟာ ထောင်ထဲမှာနေရင်းနဲ့ နာမည်ကြီး Silicon Valley ကုမ္ပဏီတစ်ခုရဲ့ အချိန်ပြည့် Software Engineer အဖြစ် အလုပ်ရရှိခဲ့တဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းတစ်ခု
အသက် ၂၀ အရွယ်မှာ ထောင်ဒဏ် ၁၅ နှစ်ကနေ အနှစ် ၃၀ ချမှတ်ခံခဲ့ရတဲ့ သော်ဖီဟာ မိန်း (Maine) အကျဉ်းထောင်မှာ ရှိနေစဉ် သူ့ဘဝကို ပြောင်းလဲပေးမယ့် အခွင့်အရေးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒါကတော့ ထောင်သားတွေကို အပြင်ဘက်က အလုပ်တွေလုပ်ခွင့်ပေးတဲ့ Earned Living Unit အစီအစဉ်ပဲ ဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါကာလမှာ သူဟာ ကိုယ့်ကိုယ်ကိုယ် အသုံးဝင်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ Programming ကို စတင်လေ့လာခဲ့ပါတယ်။ မိန်းတက္ကသိုလ်မှာလည်း အွန်လိုင်းကနေ ကျောင်းတက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကျောင်းကိုလာတဲ့ ကျောင်းသားတွေကိုတောင် ပြန်သင်ပေးတဲ့ တွဲဖက်ပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
သော်ဖီရဲ့ ထူးခြားတဲ့ ဇာတ်လမ်းကို စိတ်ဝင်စားသွားသူကတော့ Turso ဆိုတဲ့ ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ ဂလော်ဘာ ကော်စတာ ပါ။ သော်ဖီဟာ ထောင်ထဲကနေ Turso ရဲ့ open-source coding ပရောဂျက်တစ်ခုကို အထောက်အကူပြုရေးသားခဲ့တာကြောင့် သူ့ရဲ့ အရည်အချင်းကို သဘောကျပြီး အချိန်ပြည့်အလုပ်တစ်ခုအတွက် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် သော်ဖီဟာ Turso ကုမ္ပဏီရဲ့ Software Engineer အဖြစ် ထောင်ထဲကနေ အချိန်ပြည့် လုပ်ကိုင်နေပြီး အင်ဂျင်နီယာတစ်ယောက်ရဲ့ လစာကိုလည်း ခံစားနေရပြီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထောင်ကျခဲ့တာကြောင့် နောက်ထပ် ၇ နှစ်လောက် ထောင်ထဲမှာ ဆက်နေရဦးမှာ ဖြစ်ပေမဲ့ အကျင့်စာရိတ္တကောင်းမွန်ရင်တော့ ပိုမိုစောစီးစွာ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။






