Google နဲ့ စောစောစီးစီး ပူးပေါင်းခဲ့တဲ့ Samsung ရဲ့ Galaxy AI ဟာ အခုဆိုရင် Android လောကမှာ နာမည်နဲ့ရော၊ အသုံးဝင်မှုနဲ့ပါ ထင်ရှားတဲ့ AI တစ်ခု ဖြစ်နေပါပြီ။ စကားလုံးကြီးကြီးတွေ ပြောခဲ့ပြီးမှ ယခုအခါမှာတော့ Apple ဟာ Google ရဲ့ လမ်းကြောင်းကို လိုက်ဖို့ ဖြစ်လာခဲ့ပါတယ်။
Apple ဟာ Google ကို လိုအပ်လာတာဟာ Galaxy AI လိုမျိုး ပူးပေါင်းဖန်တီးမှုမျိုးထက်၊ သူတို့ရဲ့ လက်ထောက်စနစ် Siri ကို အဆင့်မြှင့်တင်ဖို့က စခဲ့တာ ဖြစ်ပါတယ်။
Siri ကို ပိုမို အဆင့်မြင့်ပြီး ဉာဏ်ရည်ထက်မြက် စေဖို့အတွက် Apple ဟာ Google ရဲ့ Gemini AI စနစ် ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရွေးချယ်မှု နောက်ကွယ်က အကြောင်ကတော့ Apple ဟာ ChatGPT (OpenAI) နဲ့ Claude (Anthropic) စတဲ့ AI တွေကိုလည်း ယှဉ်ပြိုင်စမ်းသပ်ခဲ့ပြီး၊ အဲဒီထဲကမှ Gemini က အကောင်းဆုံး စွမ်းဆောင်ရည် ရှိတာကြောင့် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
Apple သုံးစွဲမယ့် Gemini Model ဟာ လက်ရှိ Apple Intelligence Model ထက် ၈ ဆ (8x) ပိုကြီးမားတယ်လို့ သိရပါတယ်။
ဒီ Gemini စနစ်ကို အသုံးပြုခအတွက် Apple ဟာ Google ကို တစ်နှစ်ကို ဒေါ်လာ ၁ ဘီလီယံ ($1 Billion) အထိ နှစ်စဉ်ကြေး ပေးဆောင်ရမယ်လို့ ခန့်မှန်းရပါတယ်။
AI စနစ်ရဲ့ လုပ်ဆောင်ခြင်း (Processing) အပိုင်းတွေကို Apple ဟာ သူတို့ရဲ့ ကိုယ်ပိုင် လုံခြုံတဲ့ Cloud စနစ်ဖြစ်တဲ့ Private Cloud Compute ပေါ်မှာသာ အသုံးပြုသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ (ဒါဟာ အချက်အလက် လုံခြုံရေးအတွက် Apple ရဲ့ ဂရုပြုမှုတစ်ခု ဖြစ်ပါတယ်)။






