ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံ (ဘတ် ၈၄၂ ဘီလျံ) အထိရှိမယ့် အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။ ဒါဟာ TikTok အနေနဲ့ ဒေသတွင်းမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြစ်ပြီး ဘန်ကောက်၊ စမွတ်ပရာကန်နဲ့ ချာချိုအန်ဆောင်တို့မှာ ဒေတာစင်တာတွေကို အကြီးအကျယ် တိုးချဲ့တည်ဆောက်သွားမှာဖြစ်ကြောင်း ထိုင်းရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) က အတည်ပြုထုတ်ပြန်ထားပါတယ်။
ဒီစီမံကိန်းဟာ အခြေခံအဆောက်အဦတွေ တည်ဆောက်ရုံတင်မကဘဲ ထိုင်းလုပ်ငန်းရှင်တွေအတွက် ဒီဂျစ်တယ်နည်းပညာနဲ့ e-Commerce ဆိုင်ရာ သင်တန်းတွေ ပေးအပ်သွားဖို့ပါ ပါဝင်နေပါတယ်။ အရှေ့တောင်အာရှမှာ အသုံးပြုသူ ၃၆၈ သန်းကျော်အထိ ရှိနေတဲ့ TikTok အနေနဲ့ အခုလို ဆာဗာတွေနဲ့ ဒေတာသိုလှောင်မှုတွေကို တိုးချဲ့လိုက်တာဟာ ဒေသတွင်း ဒီဂျစ်တယ်ဝန်ဆောင်မှု လိုအပ်ချက်တွေကို ပိုမိုဖြည့်တင်းပေးနိုင်ဖို့ ရည်ရွယ်တာပါ။
BOI ရဲ့ ထုတ်ပြန်ချက်အရ TikTok ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ လက်ရှိချပေးလိုက်တဲ့ စီမံကိန်းကြီးတွေထဲမှာ အကြီးဆုံးဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ဒီဂျစ်တယ်အဆောက်အဦကို သိသိသာသာ အားကောင်းလာစေမှာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲကြောင့် ထိုင်းနိုင်ငံဟာ TikTok ရဲ့ အာဆီယံဒေသတွင်း ဒီဂျစ်တယ်အခြေစိုက်စခန်းတစ်ခုအဖြစ် အခိုင်အမာ ခြေကုပ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။






