စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်

ပြီးခဲ့တဲ့ ရက်ပိုင်းက စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်။ ကောင်းကင်ယံမှာ နဂါးကြီး ပျံသန်းနေတဲ့ ရုပ်သံဗီဒီယိုတွေဟာလည်း လူမှုကွန်ရက်ပေါ်မှာ တဟုန်ထိုး ပျံ့နှံ့သွားခဲ့တာပါ။
ဒါပေမဲ့ ဒီနဂါးကြီးဟာ သဘာဝလွန် သတ္တဝါလည်း မဟုတ်သလို AI နဲ့ ဖန်တီးထားတာလည်း မဟုတ်ပါဘူး။ ရုပ်သံစီးရီးတစ်ခုအတွက် ကြော်ငြာပရိုမိုးရှင်း လုပ်တဲ့အနေနဲ့ ဂျာမန်ကုမ္ပဏီတစ်ခုက အထူးပြုလုပ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ၁၃ ကီလိုဂရမ်လေးတဲ့ ဒီနဂါးအရုပ်ကြီး လေထဲမှာ တကယ့်နဂါးတစ်ကောင်လို ပျံသန်းနိုင်ဖို့အတွက် အင်ဂျင်အသေးလေးတွေ တပ်ဆင်ထားပြီး၊ အရုပ်ရဲ့ အစိတ်အပိုင်း ၂၀ မက လေထဲမှာ လှုပ်ရှားနိုင်တာကြောင့် တောင်ပံခတ်တာနဲ့ အမြီးခါတာတွေကို သဘာဝကျကျ ပုံဖော်ပြသသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။


Latest