London မှာလုပ်ခဲ့တဲ့ Galaxy Unpacked ပွဲအပြီး စာနယ်ဇင်းတွေ့ဆုံပွဲမှာ Samsung ရဲ့ ထိပ်ပိုင်းလူကြီးတွေက Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာတွေနဲ့ ပတ်သက်ပြီး ပြောပြသွားကြတာ ရှိပါတယ်။
Google AI က Android စနစ်မှာ တဖြည်းဖြည်း ပိုတွင်ကျယ်လာတာကြောင့် Samsung အနေနဲ့ Galaxy AI ကို ဘယ်လိုမျိုး ခွဲထွက်အောင် လုပ်သွားမလဲဆိုတာကို သူတို့က ရှင်းပြခဲ့တာပါ။ Galaxy AI ဆိုတာက ဖုန်းထဲမှာတင် လုပ်ဆောင်တဲ့ On-device AI၊ Cloud AI နဲ့ Google (Gemini) ဒါမှမဟုတ် Perplexity တို့လို မိတ်ဖက် ကုမ္ပဏီတွေရဲ့ AI တွေကို စုစည်းပေးထားတဲ့ Platform တစ်ခု ဖြစ်ပါတယ်။ အဓိကကတော့ သုံးစွဲသူတွေအတွက် အဆင်ပြေဆုံးဖြစ်မယ့် AI တွေကို စိတ်ကြိုက်ရွေးချယ် သုံးစွဲနိုင်အောင် လုပ်ပေးထားတာပါပဲ။ ဒါ့အပြင် သုံးစွဲသူတွေ အကြိုက်တွေ့ကြတဲ့ ကင်မရာစနစ်ပိုင်း Visual AI တွေနဲ့ ဒေသတွင်း ဘာသာစကား ပံ့ပိုးမှုတွေကိုလည်း အထူးဂရုစိုက် မြှင့်တင်ပေးနေတာ တွေ့ရပါတယ်။ နောက် ၅ နှစ်အတွင်းမှာ ဖုန်းတင်မကဘဲ တခြားစက်ပစ္စည်းတွေမှာပါ အကောင်းဆုံး AI အတွေ့အကြုံကို ပေးနိုင်ဖို့ သူတို့ ပစ်မှတ်ထားထားပါတယ်။
အရှေ့တောင်အာရှနဲ့ သမုဒ္ဒရာပိုင်းဒေသ (SEAO) ဘက်မှာဆိုရင်လည်း AI အသုံးပြုမှုနှုန်းဟာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ဥပမာ Galaxy Z Fold7 နဲ့ Flip7 ကို သုံးတဲ့သူတွေထဲမှာ AI နည်းပညာကို သုံးစွဲသူနှုန်းဟာ ၂၀၂၅ ခုနှစ် အာဂုတ်လမှာ ၈၄ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၆ ခုနှစ် ဇွန်လမှာ ၉၆ ရာခိုင်နှုန်းအထိ တိုးတက်လာတာပါ။ လူကြိုက်အများဆုံး လုပ်ဆောင်ချက်တွေကတော့ Circle to Search၊ Now Brief နဲ့ Photo Assist တို့ပဲ ဖြစ်ပါတယ်။
Samsung ဘက်ကတော့ နောက်ပိုင်း AI ဆိုတာ နည်းပညာအသစ်တွေ အများကြီး ထပ်ထည့်နေဖို့ထက် သုံးစွဲသူရဲ့ နေ့စဉ်ဘဝနဲ့ လိုအပ်ချက်တွေမှာ တကယ် အသုံးဝင်၊ အဆင်ပြေနေဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ပြီး Z8 ကိရိယာတွေနဲ့ One UI 9 စနစ်တွေ ထွက်လာတဲ့အခါ အိမ်သုံးလျှပ်စစ် ပစ္စည်းတွေနဲ့ပါ ချိတ်ဆက်ပြီး သုံးစွဲသူရဲ့ အလေ့အထကို ပိုမိုနားလည်ပေးနိုင်တဲ့ အဆင့်မြှင့် AI စနစ်တွေကို တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။






