ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် (Elon Musk) က ဗြိတိန် (UK) နိုင်ငံကို ဝယ်ယူတော့မည့်ပုံစံ နောက်ပြောင်ပြောဆိုမှုတစ်ခုကြောင့် လူမှုကွန်ရက်ပေါ်တွင် ရေပန်းစား လူကြိုက်များခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ သရော်စာများ ရေးသားလေ့ရှိသည့် The Babylon Bee ဝက်ဘ်ဆိုက်က “မတ်စ်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရန်အတွက် ဗြိတိန်နိုင်ငံကို ဝယ်ယူလိုက်ပြီ” ဟု ရေးသားခဲ့ရာမှ စတင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရေးသားချက်ကို မတ်စ်ကိုယ်တိုင်က “ဘယ်လောက် ကျသင့်သလဲ” (How much is it?) ဟု သူ့၏ X (ယခင် Twitter) အကောင့်မှတစ်ဆင့် ဝင်ရောက်မှတ်ချက်ပေးခဲ့တာပါ။
ယင်းမှတ်ချက်တစ်ခုတည်းဖြင့် ပွဲဆူသွားရခြင်းမှာ မတ်စ်၏ အတိတ်က အလားတူ ဖြစ်ရပ်တစ်ခုကြောင့် ဖြစ်ပါတယ်။ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က Twitter ကို ဝယ်ယူရန် လူတစ်ဦးက နောက်ပြောင်အကြံပြုစဉ်ကလည်း မတ်စ်က “ဘယ်လောက်လဲ” ဟု ပြန်လည်မေးမြန်းခဲ့ဖူးပြီး၊ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၄၄ ဘီလီယံဖြင့် အမှန်တကယ် ဝယ်ယူကာ X ဟု အမည်ပြောင်းလဲခဲ့သည့် သမိုင်းကြောင်း ရှိခဲ့ဖူးသောကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် မတ်စ်သည် ဗြိတိန်ကို စိုးမိုးထားသည့်ပုံစံ AI ဖြင့် ဖန်တီးထားသည့် ဗီဒီယိုတစ်ခုကိုပါ ထပ်မံမျှဝေခဲ့ပါသေးတယ်။ သို့သော်လည်း လက်တွေ့တွင် မတ်စ်အနေဖြင့် ဗြိတိန်နိုင်ငံကို ဝယ်ယူရန် မည်သည့် ကြိုးပမ်းမှုမျှ မရှိဘဲ၊ သရော်စာအပေါ် ပရိသတ်များ စိတ်ဝင်စားအောင် အပြက်အချော် စနောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း သိရှိရပါတယ်။






