Apple ဟာ ကင်မရာပါတဲ့ AirPods အသစ်ကို Prototype အနေနဲ့ စမ်းသပ်နေ

အရင်တုန်းက Apple ဟာ ကင်မရာပါတဲ့ AirPods အသစ်ကို Prototype အနေနဲ့ စမ်းသပ်နေတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ဖူးပေမဲ့၊ အခုတော့ ဒီ Project က တကယ်ကြီး ရှိနေတယ်ဆိုတဲ့ သက်သေအသစ် ထပ်ထွက်လာပြန်ပါပြီ။

macOS 26.7 ရဲ့ နောက်ဆုံး Beta စမ်းသပ်ဗားရှင်းထဲမှာ ကင်မရာပါတဲ့ AirPods အသစ်ရဲ့ လုပ်ဆောင်ပုံ Demo ဗီဒီယိုတစ်ခုကို သွားတွေ့ထားကြတာပါ။ ဗီဒီယိုထဲမှာဆိုရင် AirPods တပ်ထားတဲ့သူက စာအုပ်တစ်အုပ်ကို ကိုင်ပြီး မေးခွန်းမေးလိုက်တာနဲ့ Visual Intelligence စနစ်က အဲဒီစာအုပ်ကို တန်းသိသွားပြီး နောက်မှ ပြန်ကြည့်လို့ရအောင်ပါ မှတ်ထားပေးတာကို ပြထားပါတယ်။ ဆိုလိုတာက ဒီ AirPods ထဲက ကင်မရာဟာ သာမန်ဓာတ်ပုံရိုက်ဖို့ မဟုတ်ဘဲ၊ Siri ကနေတစ်ဆင့် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေကို ကြည့်ပြီး လိုအပ်တဲ့ အချက်အလက်တွေ ကူညီပေးနိုင်ဖို့ အဓိက သုံးထားတာပါပဲ။

ဒါ့အပြင် macOS 26.7 စနစ်ထဲမှာ AirPods အတွက် Visual Intelligence Setup လုပ်တဲ့အပိုင်းနဲ့ “B790” ဆိုတဲ့ Code Name ကိုပါ ထပ်တွေ့ထားတာမို့လို့ ဒီတစ်ကြိမ်မှာတော့ Apple ရဲ့ ကင်မရာပါ AirPods သတင်းက တော်တော်လေး ခိုင်မာသွားပြီလို့ ပြောလို့ရပါတယ်။

ဘယ်တော့ ထွက်လာမလဲဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။ လာမယ့် စက်တင်ဘာမှာ iPhone 18 Pro နဲ့အတူ ပွဲထုတ်လာနိုင်သလို၊ ၂၀၂၇ ခုနှစ် နှောင်းပိုင်းအထိလည်း နောက်ကျသွားနိုင်တယ်လို့ သတင်းတွေက ခန့်မှန်းထားကြပါတယ်။


Latest