စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE

Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက တက်လာတာကို ထိန်းညှိဖို့အတွက် Galaxy S26 Fan Edition (FE) ကို တောင်ကိုရီးယားမှာ ဝမ် ၁.၀၄၅ သန်း (အမေရိကန်ဒေါ်လာ ၇၁၄ ဒေါ်လာနီးပါး) စျေးနဲ့ စတင် မိတ်ဆက်လိုက်ပါတယ်။ ET News နဲ့ Bloomberg တို့ရဲ့ ဖော်ပြချက်အရ 256GB မော်ဒယ်ကို စက်တင်ဘာလ ၄ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်း စတင် ရောင်းချသွားတော့မှာပါ။

ဒီ Fan Edition အသစ်ဟာ အလတ်တန်းစားနဲ့ အထက်တန်းစား စျေးကွက် လိုအပ်ချက်ကို ရည်ရွယ်တာဖြစ်ပြီး ၂၀၂၆ ဒုတိယဝက်မှာ Samsung အတွက် စျေးနှုန်း တန်းစုံအောင် ရွေးချယ်စရာ တစ်ခု ထပ်တိုးလာစေတာပါ။ တောင်ကိုရီးယား သတင်းတွေရဲ့ ဖော်ပြချက်အရ Memory၊ Chipset နဲ့ တခြား အပိုပစ္စည်း စျေးနှုန်းတွေ တက်လာတာက ဖုန်းထုတ်လုပ်သူတွေအတွက် စိန်ခေါ်မှု ဖြစ်နေပြီး အထူးသဖြင့် ကုန်ကျစရိတ် တက်တာကို ဝယ်ယူသူတွေဆီ လက်လွှဲဖို့ ခက်ခဲတဲ့ အနိမ့်တန်းနဲ့ အလတ်တန်းစား ဖုန်းတွေမှာ ပိုဆိုးပါတယ်။

Bloomberg ရဲ့ ထောက်ပြချက်အရ စျေးနှုန်းကို လျှော့ချထားနိုင်ဖို့အတွက် Galaxy S26 FE ရဲ့ အချက်အလက် တချို့မှာ လျှော့ချမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ပုံမှန် Galaxy S26 မှာ သုံးထားတဲ့ Qualcomm chip အစား စွမ်းဆောင်ရည် နည်းနည်းလျော့တဲ့ MediaTek processor ကို ပြောင်းသုံးဖို့ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ MediaTek ဘက်က သူတို့ chip ကို Galaxy S26 FE မှာ ထည့်သွင်း အသုံးပြုထားခြင်း မရှိပါဘူးလို့ အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီမော်ဒယ်ဟာ ပင်မ flagship ဖြစ်တဲ့ Galaxy S26 series ရဲ့ AI နဲ့ ကင်မရာ လုပ်ဆောင်ချက် အများစုကို ဆက်ခံ ရရှိထားပြီး နောက်ဆုံးထွက် One UI 9 စနစ်နဲ့ မောင်းနှင်တာလို့ Samsung က ပြောပါတယ်။ Circle to Search၊ Now Brief နဲ့ Now Nudge AI စနစ်တွေ အပြင် 3x optical zoom၊ 12-megapixel ရှေ့ကင်မရာ၊ My FanCam၊ Super Steady နဲ့ Photo Assist စတဲ့ ကင်မရာ စနစ်တွေလည်း ပါဝင်လာပါတယ်။
တခြား ပါဝင်တဲ့ အချက်အလက်တွေကတော့ 120Hz refresh rate အထိ ရတဲ့ ၆.၇ လက်မ AMOLED အခင်းနဲ့ 4,900mAh ဘက်ထရီတို့ ဖြစ်ပါတယ်။ Samsung အနေနဲ့ အဆင့်မြင့် ပစ္စည်းတွေရဲ့ ရောင်းအားကို တင်ရင်း မြတ်စွန်းမှုကို ထိန်းသိမ်းနေချိန်မှာပဲ ဒီ Fan Edition လိုင်းနဲ့ ဝယ်ယူသူ ပရိသတ်ကို ပိုမို ကျယ်ပြန့်အောင် ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။


Latest