Your cart is currently empty!
စင်္ကာပူနိုင်ငံက အသက် ၁၇ နှစ်အရွယ် ကျောင်းသားလေး John Tng ဟာ သူ့ရဲ့ ဆရာဝန်မိဘနှစ်ပါးနဲ့ တခြားဆရာဝန်တွေရဲ့ လုပ်ငန်းခွင်ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်မယ့် AI ဆော့ဖ်ဝဲလ်တစ်ခုကို တီထွင်လိုက်ပါတယ်။
“SgScribe” လို့အမည်ပေးထားတဲ့ ဒီဆော့ဖ်ဝဲလ်ဟာ ဆရာဝန်တွေရဲ့ ပြောစကားတွေကို စာသားအဖြစ် အလိုအလျောက်ပြောင်းလဲပေးနိုင်တဲ့ AI Medical Transcription Tool ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲလ်က ဆေးဘက်ဆိုင်ရာမှတ်တမ်းတင်နည်းစနစ်ဖြစ်တဲ့ SOAP notes ကိုပါ တိကျမှု ၉၀% အထိ ထုတ်ပေးနိုင်ပါတယ်။
John ဟာ ဆရာဝန်တွေ ဆေးမှတ်တမ်းရေးရတဲ့ အချိန်တွေ သက်သာစေဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်ငွေ ဒေါ်လာ ၁၀၀ ကို အသုံးပြုပြီး ဒီဆော့ဖ်ဝဲလ်ကို နှစ်လအတွင်း ဖန်တီးခဲ့တာပါ။
SgScribe ရဲ့ ထူးခြားချက်များ
ဘာသာစကား ၄ မျိုး ရရှိခြင်း – အင်္ဂလိပ်၊ မန်ဒရင်း၊ မလေး၊ အင်ဒိုနီးရှားဘာသာစကားတို့ကို အသုံးပြုနိုင်ပါတယ်။
လူနာကိုယ်ရေးအချက်အလက် လုံခြုံမှု – လူနာနာမည်နဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ခြင်းမရှိဘဲ ဆွေးနွေးမှုအကြောင်းအရာတွေကိုသာ မှတ်တမ်းတင်ပါတယ်။
အသုံးပြုမှု ပိုမိုလွယ်ကူစေခြင်း – လက်ရှိမှာ အထူးကုဆရာဝန် ၃ ဦးနဲ့ စမ်းသပ်ဆဲဖြစ်ပြီး ဆရာဝန်တွေအနေနဲ့ လူနာကို ပိုမိုအာရုံစိုက်နိုင်တယ်လို့ သိရပါတယ်။
John ဟာ SgScribe ကို အခမဲ့ ပေးသုံးသွားဖို့ ရည်ရွယ်ထားပြီး နောက်ပိုင်းမှာ ကြော်ငြာနဲ့ paid feature တွေကနေ ဝင်ငွေရှာဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့ကျောင်းပညာရေးပြီးဆုံးရင် သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး ဒီလုပ်ငန်းကို ပိုမိုချဲ့ထွင်သွားဖို့လည်း ရည်မှန်းထားတယ်လို့ သိရပါတယ်။






