Your cart is currently empty!
လက်ရှိဖုန်းဈေးကွက်မှာ ဘက်ထရီအားကောင်းတဲ့ဖုန်းတွေဟာ အပြိုင်အဆိုင် ထွက်ပေါ်လာနေပါတယ်။ အထူးသဖြင့် Silicon Carbon Battery နည်းပညာတွေကြောင့် Power Bank လိုမျိုး စွမ်းဆောင်ရည်မြင့်မားတဲ့ ဘက်ထရီတွေဟာ ဖုန်းတွေမှာ ပါဝင်လာတာကို တွေ့မြင်နေရပါတယ်။
Xiaomi ၏ ခြေလှမ်းသစ်
ဒီလိုအခြေအနေမှာ Xiaomi ကလည်း ဘက်ထရီပိုင်းဆိုင်ရာမှာ စံချိန်သစ်တစ်ခုတင်ဖို့ ပြင်ဆင်နေပါပြီ။ သတင်းတွေအရဆိုရင် Xiaomi ရဲ့ Redmi ဖုန်းအသစ်တစ်မျိုးမှာ 8500 mAh ကနေ 9000 mAh ကြားရှိတဲ့ ဘက်ထရီကို အသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။ ဒီလိုကြီးမားတဲ့ ဘက်ထရီကို ထည့်သွင်းထားပေမဲ့ ဖုန်းရဲ့အထူက 8.5mm သာရှိမယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဒီဘက်ထရီဟာ Xiaomi ရဲ့ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်လို့ Charging Life Cycle ပိုင်းမှာလည်း အရည်အသွေး ပိုမိုကောင်းမွန်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
လက်ရှိအချိန်မှာတော့ Redmi Turbo 4 Pro ဟာ 7550 mAh ဘက်ထရီနဲ့ Xiaomi ရဲ့ဘက်ထရီအကြီးဆုံးဖုန်းအဖြစ် စံချိန်တင်ထားပါတယ်။
ပြိုင်ဘက်များ၏ ဈေးကွက်ချဲ့ထွင်မှု
ဒီဘက်ထရီစွမ်းဆောင်ရည်ပြိုင်ဆိုင်မှုမှာ iQOO ကလည်း နောက်မကျပါဘူး။ 8000 mAh ဘက်ထရီပါဝင်တဲ့ ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်ထားတာကြောင့် Xiaomi အနေနဲ့ ဘက်ထရီစွမ်းရည်ပိုင်းမှာ ထိပ်ဆုံးနေရာကနေ ဦးဆောင်နိုင်ဖို့အတွက် အခုလို ခြေလှမ်းသွက်သွက်လှမ်းနေရပုံရပါတယ်။
ဒီတော့ နောက်ထွက်လာမယ့် Redmi ဖုန်းတွေမှာ ဘယ်လို စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ ဘက်ထရီစွမ်းရည်ကို ဘယ်လောက်အထိ မြှင့်တင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။






