Your cart is currently empty!

AI နည်းပညာတွေ တဟုန်ထိုး တိုးတက်လာတဲ့ ဒီကနေ့ခေတ်မှာ ကမ္ဘာကျော် ချစ်ပ်ပြား (Chip) ထုတ်လုပ်ရေး
AI နည်းပညာတွေ တဟုန်ထိုး တိုးတက်လာတဲ့ ဒီကနေ့ခေတ်မှာ ကမ္ဘာကျော် ချစ်ပ်ပြား (Chip) ထုတ်လုပ်ရေး
လုပ်ငန်းစဉ်တွေရဲ့ နောက်ကွယ်က “ဆရာကြီး” တွေဟာ ကျွန်တော်တို့ နေ့စဉ်မြင်တွေ့နေရတဲ့ အိမ်သုံးပစ္စည်း ကုမ္ပဏီကြီးတွေ ဖြစ်နေတာက တကယ့်ကို အံ့ဩစရာပါပဲ။ ဟင်းခတ်မှုန့် (MSG) ထုတ်လုပ်တဲ့ Ajinomoto နဲ့ အိမ်သာသုံး ပစ္စည်းတွေ ထုတ်လုပ်တဲ့ Toto တို့ဟာ အခုဆိုရင် AI ခေတ်ရဲ့ အဓိက အကျိုးခံစားခွင့်ရသူတွေ ဖြစ်လာနေပါတယ်။
Ajinomoto ကုမ္ပဏီဟာ ဟင်းခတ်မှုန့်တင်မကဘဲ နည်းပညာလောကအတွက် မရှိမဖြစ်လိုအပ်တဲ့ Ajinomoto Build-up Film (ABF) လို့ခေါ်တဲ့ လျှပ်စစ်စီးဆင်းမှုကို ထိန်းညှိပေးတဲ့ အလွှာပါးလေးတွေကို ထုတ်လုပ်ပေးနေတာပါ။ ဒီ ABF လေးတွေဟာ ကမ္ဘာ့အဆင့်မြင့် ချစ်ပ်ပြားအများစုမှာ အစိတ်အပိုင်းတွေအချင်းချင်း ချိတ်ဆက်ဖို့အတွက် အဓိကကျတဲ့နေရာက ပါဝင်နေပြီး လက်ရှိ ကမ္ဘာ့ဈေးကွက်ရဲ့ ရာခိုင်နှုန်း ၉၀ ကျော်ကိုတောင် လွှမ်းမိုးထားနိုင်ပါတယ်။ ပြောရရင် Ajinomoto ရဲ့ ဒီနည်းပညာသာ မရှိရင် ကျွန်တော်တို့ အခုသုံးနေတဲ့ AI Chip တွေ ထွက်ပေါ်လာဖို့တောင် ခဲယဉ်းနိုင်တဲ့ အခြေအနေမျိုးပါ။
အလားတူပဲ လူတိုင်းရင်းနှီးတဲ့ Toto ကုမ္ပဏီဟာလည်း အိမ်သာနဲ့ ရေအိမ်သုံးပစ္စည်းတွေမှာ သုံးတဲ့ ကြွေထည် (Ceramic) နည်းပညာကို အခြေခံပြီး AI Memory ချစ်ပ်တွေ ထုတ်လုပ်တဲ့နေရာမှာ ပါဝင်လာပါတယ်။ ချစ်ပ်ပြားတွေရဲ့ အခြေခံဖြစ်တဲ့ Silicon Wafer တွေကို ကိုင်တွယ်ထိန်းသိမ်းတဲ့ နည်းပညာပိုင်းမှာ သူတို့ရဲ့ အဆင့်မြင့် Ceramic ပစ္စည်းတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာပါ။ ဒါကြောင့် ကျွန်တော်တို့ ကွန်ပျူတာတွေမှာ သုံးတဲ့ Memory တွေနဲ့ SSD တွေ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တိုင်းမှာ Toto ရဲ့ နည်းပညာက မရှိမဖြစ် ဖြစ်လာခဲ့ပါတယ်။
မီးဖိုချောင်သုံး ဟင်းခတ်မှုန့်နဲ့ ရေအိမ်သုံးပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ နည်းပညာဟာ အခုလို ကမ္ဘာ့အဆင့်မြင့် AI နည်းပညာတွေရဲ့ နောက်ကွယ်မှာ အခရာကျတဲ့ နေရာက ရှိနေတာကတော့ နည်းပညာလောကရဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခုလို့ ဆိုရမှာပါပဲ။





