Apple က Under-Display Face ID နဲ့ Action Button တွေ ပါဝင်လာမယ့် iPhone Duo 2 Prototype ကို စမ်းသပ်နေပြီလို့ Mark Gurman ပြောကြား
Apple ဟာ သူတို့ရဲ့ ပထမဆုံး ခေါက်ဖုန်း ပရိုဂျက်ကို ဆက်လက် အရှိန်မြှင့်လုပ်ဆောင်နေပြီး နောက်မျိုးဆက်သစ် iPhone Duo အတွက် Hardware ပိုင်း ပြောင်းလဲမှုတွေကို အစောပိုင်း Prototype တွေနဲ့ စတင် စမ်းသပ်နေပြီလို့ သိရပါတယ်။ အခု လက်ရှိ iPhone Duo စတင် ရောင်းချနေချိန်မှာပဲ Cupertino အခြေစိုက် နည်းပညာဘီလူးကြီး Apple ဟာ နောက်ဆက်တွဲ မော်ဒယ်သစ်ကို ကုမ္ပဏီတွင်းမှာ စမ်းသပ်နေတာဖြစ်ပေမဲ့ ဘယ် Feature တွေက တကယ့် ထွက်ရှိလာမယ့် ဖုန်းမှာ ပါဝင်လာမလဲ ဆိုတာကတော့ မရေရာသေးပါဘူး။ Apple ဘက်ကလည်း နောက်ထပ် ထွက်လာမယ့် ခေါက်ဖုန်းနဲ့ ပတ်သက်လို့ တရားဝင် သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
Bloomberg ရဲ့ Mark Gurman ကတော့ အပြင်ဘက် Display မှာ Under-Display Face ID စနစ် ပါဝင်တဲ့ iPhone Duo 2 Prototype တွေကို Apple က စမ်းသပ်နေပြီလို့ ဆိုပါတယ်။ ဒါဟာ လက်ရှိ မော်ဒယ်မှာ သုံးထားတဲ့ ဘေးဘက် Power Button က Touch ID အစား သုံးစွဲသူတွေကို မျက်နှာပြင် မှတ်မိတဲ့ Face ID စနစ်ဆီ ပြောင်းလဲပေးနိုင်မှာပါ။ ဒါပေမဲ့ ဒီလောက် ပါးလွှာတဲ့ ခေါက်ဖုန်းထဲမှာ Face ID အဆင်ပြေပြေ အလုပ်လုပ်ဖို့အတွက် Dot Projector နဲ့ Infrared Camera လို အစိတ်အပိုင်းတွေကို ပိုမို သေးငယ်အောင် ပြုလုပ်ရမှာဖြစ်လို့ နည်းပညာအရတော့ တော်တော်လေး စိန်ခေါ်မှု ရှိနေပါတယ်။
ဒါ့အပြင် Apple ဟာ Pro မော်ဒယ်တွေမှာ ပါဝင်လေ့ရှိတဲ့ Customisable Action Button ကိုလည်း နောက်ထပ် ခေါက်ဖုန်းမှာ ထည့်သွင်းပေးလာနိုင်ပါတယ်။ ဒီ Button လေးဟာ Camera ဖွင့်တာ၊ Flashlight လင်းတာစတဲ့ အလုပ်တွေကို Shortcuts အနေနဲ့ စိတ်ကြိုက် သတ်မှတ် ခိုင်းစေနိုင်တာဖြစ်ပြီး လက်ရှိ iPhone Duo မှာတော့ ဒီ Feature လွတ်နေခဲ့တာ ဖြစ်ပါတယ်။
Camera ပိုင်းမှာလည်း အဆင့်မြှင့်တင်မှုတွေ မြင်တွေ့ရဖွယ် ရှိနေပါတယ်။ Gurman ရဲ့ အဆိုအရ Apple ဟာ အနာဂတ် iPhone Duo မှာ Telephoto Camera တစ်လုံး ထပ်တိုးဖို့ စဉ်းစားနေပေမဲ့ ဘယ်တော့ ထည့်ပေးမလဲ ဆိုတာတော့ မသိရသေးပါဘူး။ လက်ရှိ မော်ဒယ်မှာတော့ Main နဲ့ Ultra-wide ပါဝင်တဲ့ 48-megapixel Dual Fusion Rear Camera System ကိုပဲ သုံးထားတာပါ။
နောက်ပိုင်း ထွက်လာမယ့် မျိုးဆက်တွေအတွက် ပိုမို ကြီးမားတဲ့ အတွင်းဘက် Display ကိုလည်း Apple က စဉ်းစားနေပါတယ်။ လက်ရှိ iPhone Duo မှာ ၇.၆ လက်မ ခေါက်စခရင် ပါဝင်ပေမဲ့ အနာဂတ် မော်ဒယ်တွေမှာတော့ ၈.၅ လက်မကနေ ၉ လက်မအထိ ကျယ်ဝန်းတဲ့ Display တွေ ပါဝင်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီပြောင်းလဲမှုတွေ အားလုံးဟာ iPhone Duo 2 တစ်ခုတည်းမှာ တစ်ပြိုင်တည်း ပါဝင်လာတာမျိုး မဟုတ်ဘဲ ဒုတိယနဲ့ တတိယ မျိုးဆက်တွေအထိ ခွဲခြား ပါဝင်လာနိုင်တယ်လို့ Gurman က သုံးသပ်ထားပါတယ်။






