iOS 27 နဲ့ macOS Golden Gate တို့ရဲ့ Private Framework တွေထဲမှာ Apple က သူတို့ရဲ့ Siri Architecture သစ်ကို တခြား Third-party AI Model တွေနဲ့ အတော်လေး နက်နက်ရှိုင်းရှိုင်း ချိတ်ဆက် သုံးနိုင်အောင် ဖန်တီးထားတာကို “pdfu” ဆိုတဲ့ Code စုံစမ်းလေ့လာသူက စုံစမ်းတွေ့ရှိသွားပါတယ်။
“Model Delegation” လို့ ခေါ်တဲ့ စနစ်တစ်ခုအရ လက်ရှိ ပါဝင်ပြီးသား ChatGPT Extension လိုပဲ Claude ကိုပါ Siri Extension အဖြစ် ပေါ်လာစေမှာပါ။ pdfu ရဲ့ X ပေါ်က Video စမ်းသပ်ပြချက်အရ macOS မှာ “Search or Ask” Bar ကို ခေါ်ယူပြီး “Ask…” Contextual Menu ကနေတစ်ဆင့် AI Model အဖြစ် Claude ကို ရွေးချယ်လိုက်တာ တွေ့ရပါတယ်။ Claude Extension ကို ဖွင့်ပြီးတာနဲ့ သုံးစွဲသူက Siri ကို Apple ရဲ့ Reminders App ထဲမှာ Reminder တစ်ခု မှတ်ပေးဖို့ “Ask Claude” ဆိုပြီး ခိုင်းစေခဲ့ပါတယ်။ Claude က စာသား သဘာဝကို နားလည်အောင် ဘာသာပြန်ပေးပြီးရင် Siri က Reminder ကို အပြီးသတ် ဖန်တီးပေးတာပါ။ ဆိုလိုတာက ဒီတောင်းဆိုချက်ဟာ Apple System ရဲ့ Feature တွေကို ဝင်ရောက် သုံးစွဲဖို့ လိုအပ်လာရင် Claude က ဒီ Task ကို Siri ဆီ ပြန်လွှဲပေးလိုက်တာ ဖြစ်ပါတယ်။ တခြား ဥပမာတစ်ခုမှာဆိုရင်လည်း Siri ကိုယ်တိုင် မလုပ်ပေးနိုင်တဲ့ CSV File ဖန်တီးတာမျိုးကို Siri App Conversation Window ထဲကနေ Claude ကို ခိုင်းစေလိုက်တဲ့အခါ အောင်အောင်မြင်မြင် လုပ်ဆောင်ပေးတာကို တွေ့ရပါတယ်။
ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Video ထထဲမှာ ပြသသွားတဲ့ ဒုတိယ နည်းပညာစနစ် ဖြစ်ပါတယ်။ ဒါဟာ Apple Software တွေအတွက် AI အခွင့်အလမ်းကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပွင့်လင်းသွားစေနိုင်ပါတယ်။ “Model Manager Services” ထဲက Inference Provider စနစ်ဟာ Apple ရဲ့ Server-side Siri Model တစ်ခုလုံးကို GPT-5.6 လိုမျိုး တခြား Model တွေနဲ့ လုံးဝ အစားထိုး အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာပါ။ ဒီလို အခြေအနေမှာ ChatGPT ဟာ Apple ရဲ့ Siri Planner Prompt တွေနဲ့ Tool Definition တွေကို လက်ခံရရှိမှာ ဖြစ်ပြီး System Actions တွေ ပြုလုပ်တာ၊ ကိုယ်ရေးကိုယ်တာ Data တွေကို ရယူတာနဲ့ Siri ရဲ့ ကိုယ်ပိုင် Interface၊ Voice တို့ကို သုံးပြီး ပြန်လည် ဖြေကြားတာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Video ထဲမှာ သုံးစွဲသူက Siri App အတွင်းမှာရှိတဲ့ ChatGPT Model ကို သီးသန့် အကြောင်းအရာနဲ့ ပတ်သက်တဲ့ Email တွေကို ရှာခိုင်းပြီး စာအကျဉ်းချုပ်နဲ့ ဆက်လက် ဆောင်ရွက်ရမယ့် အချက်တွေကို ဖော်ထုတ်ခိုင်းပါတယ်။ ပြီးရင် Messages App ကနေတစ်ဆင့် Contact ထဲက လူတစ်ယောက်ဆီ စာပို့ခိုင်းရာမှာလည်း OpenAI ရဲ့ Platform Web Interface ပေါ်မှာ Logged ဖြစ်သွားတာကို တွေ့ရပါတယ်။
Apple ရဲ့ ဒီလို ဖန်တီးမှုနောက်ကွယ်မှာ ဥရောပသမဂ္ဂရဲ့ Digital Markets Act (DMA) ဥပဒေက လွှမ်းမိုးမှု ရှိနိုင်ပါတယ်။ အကြောင်းကတော့ DMA ဥပဒေအရ Apple ရဲ့ ကိုယ်ပိုင် Service တွေ ရရှိနေတဲ့ iOS Hardware နဲ့ Software Feature တွေကို Third-party တွေလည်း ထိရောက်စွာ အသုံးပြုခွင့် ပေးရမယ်လို့ ပြဋ္ဌာန်းထားပြီး ဥရောပကော်မရှင်ကလည်း ဒီမူဝါဒဟာ Siri နဲ့ပါ သက်ဆိုင်ကြောင်း သီးသန့် ထုတ်ပြန်ထားလို့ဖြစ်ပါတယ်။
လက်ရှိ macOS 27 Golden Gate Release Candidate (ဒီနေ့နောက်ပိုင်းမှာ ထွက်ရှိလာတော့မယ့် Final Version) ရဲ့ “Ask…” စနစ်မှာတော့ ChatGPT Extension တစ်ခုတည်းကိုပဲ ကန့်သတ် ထည့်သွင်းပေးထားသေးတာမို့ Claude ကိုတော့ သုံးလို့ မရသေးပါဘူး။ Apple ဘက်ကလည်း ဒီ Model Delegation ခွင့်ပြုချက်ကို Third-party တွေအတွက် ပွင့်ပွင့်လင်းလင်း မချပေးသေးဘဲ User တွေ တိုက်ရိုက် သုံးလို့ရတဲ့ အနေအထားမျိုး မဟုတ်သေးပေမဲ့ အနာဂတ်မှာ တခြား AI Model တွေနဲ့ တွဲဖက် အသုံးပြုနိုင်အောင် Siri ကို Apple ဘက်က ဘယ်လောက်အထိ အသေးစိတ် ပြင်ဆင်ထားသလဲဆိုတာကိုတော့ ဒီ Code တွေက သက်သေပြနေပါတယ်။






