Facebook သုံးရတာ ပျင်းလို့ နွားတွေကို ဘီယာတိုက်ပြီး ကမ္ဘာ့အကောင်းဆုံး အမဲသားထုတ်ဖို့ ကြံစည်နေတဲ့ မတ်ခ်ဇူကာဘတ်
နည်းပညာလောကရဲ့ ဆရာကြီး Mark Zuckerberg တစ်ယောက် Facebook နဲ့ Meta ကုမ္ပဏီကို စီမံခန့်ခွဲရတာ ပျင်းလာလို့လားတော့မသိဘူး… အခုဆို ဟာဝိုင်ယီကျွန်းက သူ့ရဲ့ကိုယ်ပိုင်ခြံကျယ်ကြီးထဲမှာ ဝါသနာအရ နွားမွေးမြူရေးဘက်ကို ခြေဆန့်နေပါတယ်။
ဒါပေမဲ့ သာမန်နွားမွေးတာမျိုးမဟုတ်ဘဲ ကမ္ဘာ့အကောင်းဆုံး အမဲသားရဖို့ဆိုပြီး နွားတွေကို လူတောင် နေ့တိုင်းမစားနိုင်တဲ့ တန်ဖိုးကြီး မက်ကာဒေမီးယား အစေ့အဆန်တွေ ကျွေးတဲ့အပြင်၊ အစာစားချင်စိတ်ရှိအောင်ဆိုပြီး သူကိုယ်တိုင်ချက်ထားတဲ့ ဘီယာတွေကိုပါ နေ့တိုင်း တိုက်နေတာ ဖြစ်ပါတယ်။
သူ့ရဲ့ သမီးလေးတွေပါ ဝိုင်းကူပေးနေကြတဲ့ ဒီစီမံကိန်းက စီးပွားဖြစ်ရောင်းဖို့ မဟုတ်ဘဲ နည်းပညာဖိအားတွေကြားထဲကနေ ဇူကာဘတ်တစ်ယောက် စိတ်အပန်းဖြေဖို့ သက်သက်ပဲလို့ ဆိုပါတယ်။
လူတွေကတော့ “ငါတို့တောင် နေ့တိုင်း ဘီယာသောက်ပြီး မက်ကာဒေမီးယားစေ့ မစားရဘူး၊ ဇူကာဘတ်ရဲ့ နွားတွေက ငါတို့ထက်တောင် ဘဝအဆင့်အတန်း မြင့်နေသေးတယ်” ဆိုပြီး ဟာသလုပ် ဝေဖန်နေကြပါတယ်။






