MirrorMe က Bolt လို့ အမည်ရတဲ့ လူသားတစ်ပိုင်း ရိုဘော့ ကို မိတ်ဆက်

တရုတ်ရိုဘော့နည်းပညာကုမ္ပဏီ MirrorMe က Bolt လို့ အမည်ရတဲ့ လူသားတစ်ပိုင်း ရိုဘော့ (Full-size Humanoid Robot) ကို မိတ်ဆက်လိုက်ပါတယ်။ ဒီရိုဘော့ဟာ လက်တွေ့စမ်းသပ်မှုတွေအတွင်း တစ်စက္ကန့်ကို ၁၀ မီတာ (တစ်နာရီ ၃၆ ကီလိုမီတာခန့်) အထိ အရှိန်မြှင့်ပြေးနိုင်ခဲ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

MirrorMe ရဲ့ ပြောကြားချက်အရ ဒီစွမ်းဆောင်ရည်ဟာ Bolt ကို ဓာတ်ခွဲခန်းပြင်ပမှာ စမ်းသပ်ခဲ့သမျှ ခန္ဓာကိုယ်အရွယ်အစားတူ ရိုဘော့တွေထဲမှာ အမြန်ဆုံးပြေးနိုင်တဲ့ရိုဘော့ ဖြစ်လာစေခဲ့တာပါ။

Bolt ဟာ အရပ် ၁၇၅ စင်တီမီတာ (၅ ပေ ၉ လက်မခန့်) ရှိပြီး အလေးချိန် ၇၅ ကီလိုဂရမ် ရှိပါတယ်။ ခြေနှစ်ချောင်းနဲ့ အရှိန်ပြင်းပြင်း ပြေးနိုင်ဖို့အတွက် အသစ်ဒီဇိုင်းထုတ်ထားတဲ့ အဆစ်အမြစ် (Joints) တွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ ပါဝါစနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။

စမ်းသပ်ပြသမှုတစ်ခုမှာတော့ Bolt ဟာ ကုမ္ပဏီတည်ထောင်သူ Wang Hongtao နဲ့အတူ ပြေးစက် (Treadmill) ပေါ်မှာ အပြိုင်ပြေးခဲ့တာဖြစ်ပြီး၊ Bolt ဟာ ခြေလှမ်းတိုတိုနဲ့ အကြိမ်ရေစိပ်စိပ် (Higher cadence) အသုံးပြုကာ လျှင်မြန်စွာ ပြေးနိုင်ခဲ့တာကို တွေ့ရပါတယ်။


Latest