MrBeast ဘီလျံနာ ဖြစ်နေတာတောင် မင်္ဂလာဆောင်ဖို့ အမေ့ဆီက ပိုက်ဆံချေး

MrBeast ဘီလျံနာ ဖြစ်နေတာတောင် မင်္ဂလာဆောင်ဖို့ အမေ့ဆီက ပိုက်ဆံချေးနေရတယ်ဆိုပဲ!

ဟုတ်ပါတယ်! YouTube ရဲ့ ဘုရင်ကြီး MrBeast တစ်ယောက် သူ့ရဲ့ မင်္ဂလာဆောင်အတွက် အမေ့ဆီက ပိုက်ဆံချေးနေရတယ်ဆိုတဲ့ သတင်းက တကယ့်ဟာသပါပဲ!

အသက် ၂၇ နှစ်နဲ့ ဘီလျံနာဖြစ်နေပြီး YouTube Subscriber သန်း 400 နဲ့ နာမည်အကြီးဆုံး ချမ်းသာဆုံးသူတစ်ယောက်က ဘာလို့ အမေ့ဆီ လက်ဖြန့်တောင်းနေရတာလဲ။

ဘီလျံနာဖြစ်ပေမယ့် ဘဏ်အကောင့်ထဲမှာ ပိုက်ဆံမရှိလို့ပါ။

စာရွက်ပေါ်မှာတော့ MrBeast ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေက ဒေါ်လာ ဘီလျံနဲ့ချီပြီး တန်ဖိုးရှိပေမယ့် သူ့ရဲ့ ပုဂ္ဂိုလိကဘဏ်အကောင့်ထဲမှာတော့ ဒေါ်လာ ၁ သန်းတောင် မပြည့်ဘူးလို့သိရပါတယ်။

ဘာကြောင့်လဲဆိုတော့ သူရတဲ့ ပိုက်ဆံအကုန်လုံးကို YouTube Content တွေ၊ Beast Games လို ရှိုးတွေ၊ MrBeast Burger နဲ့ Feastables လို လုပ်ငန်းတွေမှာ ပြန်ရင်းနှီးမြှုပ်နှံထားလို့ပါ။

ဒီနှစ်ထဲမှာတင် သူက Content အတွက် ဒေါ်လာ ၂၅၀ သန်း (ဘီလျံရဲ့ လေးပုံတစ်ပုံလောက်!) သုံးပြီးပြီတဲ့။ ဒါကြောင့်ပဲ သူ့ရဲ့ မင်္ဂလာဆောင်အတွက် ပိုက်ဆံမရှိတော့ အမေ့ဆီက ချေးနေရတာလို့ X မှာ Dexerto ရဲ့ ပို့စ်ကို Reply လုပ်ရင်း ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော်ကိုယ်တိုင်က ပိုက်ဆံသိပ်မရှိဘူး။ အကုန်ပြန်ရင်းနှီးထားတာကြောင့်ပါ။ ဒီနှစ်မှာ Content အတွက် ဒေါ်လာ ၂၅၀ သန်းလောက် သုံးမယ်။ ရယ်စရာက လာမယ့် မင်္ဂလာဆောင်အတွက် အမေ့ဆီက ပိုက်ဆံချေးနေရတာပဲလို့” – MrBeast က ဆိုပါတယ်။

MrBeast ခေါ် Jimmy Donaldson ဟာ သူ့ရဲ့ချစ်သူ Thea Booysen နဲ့ ၂၀၂၄ ခရစ္စမတ်မှာ လက်ထပ်ခွင့်တောင်းခဲ့တာပါ။ Thea ကလည်း YouTuber တစ်ယောက်ဖြစ်ပြီး သူတို့ဟာ တောင်အာဖရိကကနေ လာတဲ့ Thea ရဲ့ မိသားစုနဲ့အတူ အိမ်မှာ ရိုးရိုးရှင်းရှင်း လက်ထပ်ခွင့်တောင်းခဲ့တာပါ။

သူတို့ရဲ့ မင်္ဂလာဆောင်ကို ကျွန်းတစ်ကျွန်းပေါ်မှာ ရိုးရှင်းစွာ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ပဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ Thea က People မဂ္ဂဇင်းကို ပြောထားပါတယ်။ “ကြီးကြီးကျယ်ကျယ် မလုပ်ဘူး၊ ရင်းနှီးတဲ့သူတွေနဲ့ ပျော်ပျော်ပါးပါး လုပ်မယ်” လို့ သိရပါတယ်။


Latest