Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ်
ဒီရက်ပိုင်း Viber အသုံးပြုရင်းနဲ့ သူငယ်ချင်းတွေဆီ ပုံပို့တဲ့အခါ အောက်ခြေနားမှာ AI ကြယ်ပွင့်ဒီဇိုင်းလေးနဲ့ ‘Remix Image’ ဆိုတဲ့ စာသားလေး ပေါ်နေတာကို သတိထားမိကြမှာပါ။
ဒါဟာ Viber ထဲမှာတင် ကမ္ဘာကျော် ChatGPT ကို တိုက်ရိုက် ခေါ်ယူအသုံးပြုနိုင်ပြီဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။
ဒီစနစ်သစ်ကို ရရှိထားတဲ့သူတွေအနေနဲ့ Viber မှာ စကားပြောရင်းနဲ့တင် မိမိတို့ရဲ့ ဓာတ်ပုံတွေကို AI သုံးပြီး စိတ်ကြိုက် ပြင်ခိုင်းတာ၊ ပုံစံဆန်းတွေ ဖြစ်အောင် Remix လုပ်ခိုင်းတာတွေကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်နေပါပြီ။
ပိုပြီး မိုက်တာကတော့ သူငယ်ချင်းတွေနဲ့ Group ထဲမှာ စကားပြောနေရင်း တစ်ခုခုသိချင်လို့ ChatGPT ကို မေးချင်တယ်ဆိုရင် @ (At sign) လေးရိုက်ပြီး ChatGPT ကို လှမ်းခေါ်မေးရုံပါပဲ။
အဲဒီအခါ စကားဝိုင်းထဲမှာရှိတဲ့သူအားလုံးက ChatGPT ရဲ့ အဖြေကို မြင်တွေ့ရပြီး အတူတူ ပြန်လည်ဆွေးနွေးလို့ ရသွားတာကြောင့် စာအကြောင်း ပေအကြောင်း တိုင်ပင်ရတာ တကယ့်ကို အဆင်ပြေသွားစေပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး… ChatGPT ကို လှမ်းခေါ်ပြီး Group Chat ထဲမှာ အပေါ်က ပြောခဲ့သမျှ အကြောင်းအရာတွေကို အနှစ်ချုပ် ခိုင်းလို့ရသလို၊ ဝက်ဘ်ဆိုက် Link တွေပေးပြီး ရှင်းပြခိုင်းတာ၊ ဘာသာပြန်ခိုင်းတာနဲ့ စာအရေးအသားတွေကို ပိုမိုချောမွေ့အောင် ပွတ်သပ် (Polishing) ခိုင်းတာမျိုးတွေကိုပါ စုံစုံလင်လင် ခိုင်းစေနိုင်ပါတယ်။
လုံခြုံရေးပိုင်းအတွက်လည်း စိတ်ပူစရာမလိုဘဲ အထဲက စကားပြောမှတ်တမ်းအားလုံးဟာ Viber ရဲ့ ထုံးစံအတိုင်း End-to-End Encryption လျှို့ဝှက်ကုဒ်စနစ်ကိုပဲ သုံးထားတာကြောင့် စကားဝိုင်းထဲကလူတွေကလွဲရင် Viber ကုမ္ပဏီကိုယ်တိုင်တောင် ဝင်ရောက်ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။ ဒီအမိုက်စား Features တွေကို စမ်းသုံးကြည့်နိုင်ဖို့အတွက် မိမိတို့ရဲ့ Viber App ကို နောက်ဆုံးဗားရှင်း (Update) တင်ထားရုံပါပဲ။






