ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်သည့် ChatGPT for Teens ကို OpenAI စတင်ထုတ်လုပ်
ကျောင်းစာမေးခွန်းတွေ၊ နေ့စဉ်ဘဝ မေးခွန်းတွေနဲ့ မိတ်ဆွေအဖြစ် AI ကို ပိုမိုအသုံးပြုလာကြတဲ့ အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြား ဆယ်ကျော်သက်များအတွက် OpenAI က ပိုမိုဘေးကင်းလုံခြုံသည့် “ChatGPT for Teens” ဗားရှင်းသစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။
ဒီဗားရှင်းသစ်မှာ မိမိကိုယ်ကို သတ်သေမှု၊ ထိခိုက်ဒဏ်ရာရအောင်လုပ်ဆောင်မှု၊ အစားအသောက်ပုံမှန်မစားသည့်ဝေဒနာ (eating disorders) နဲ့ လိင်ပိုင်းဆိုင်ရာ/အချစ်ရေးဆိုင်ရာ ပြောဆိုဆွေးနွေးမှုတွေကို ပိုမိုတင်းကျပ်စွာ ကန့်သတ်ထားပါတယ်။ ဒါ့အပြင် AI က အမှန်တကယ် စိတ်ခံစားချက် သို့မဟုတ် အသိစိတ်ရှိနေသကဲ့သို့ ပြောဆိုပြီး ဆယ်ကျော်သက်တွေ စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း မှီခိုသွားမည့် အခြေအနေများကိုပါ တားဆီးကာကွယ်ထားတာဖြစ်ပါတယ်။
ကျောင်းစာပိုင်းမှာတော့ အဖြေတန်းပေးပြီး စာခိုးချတာမျိုး မဟုတ်ဘဲ ကျောင်းသားတွေ ကိုယ်တိုင် စဉ်းစားတွေးခေါ်အဖြေရှာနိုင်အောင် ကူညီပေးသည့် လေ့လာသင်ယူမှုဆိုင်ရာ နည်းလမ်းများ ထည့်သွင်းပေးထားပါတယ်။ မိဘများအနေဖြင့်လည်း အကောင့်ချင်း ချိတ်ဆက်ကာ “Quiet Hours” သတ်မှတ်၍ သုံးစွဲချိန် ကန့်သတ်နိုင်သည့်အပြင် အန္တရာယ်ရှိနိုင်သည့် အခြေအနေများတွင်လည်း သတိပေးချက်များ လက်ခံရရှိနိုင်မှာ ဖြစ်ပါတယ်။
အသုံးပြုသူတွေရဲ့ အသက်ကို တိတိကျကျ မစစ်ဆေးသော်လည်း မေးခွန်းပုံစံများနှင့် အမူအကျင့်များမှတစ်ဆင့် အသက် ၁၈ နှစ်အောက်ဟု ယူဆရပါက Teen ဗားရှင်းသို့ အလိုအလျောက် ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း San Francisco အခြေစိုက် OpenAI ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။






