တရုတ်ဖုန်းလောကမှာ ဈေးနှုန်းတွေ တဟုန်ထိုး မြင့်တက်လာ

စမတ်ဖုန်းအသစ်ဝယ်ဖို့ ပြင်ဆင်နေသူတွေအတွက် တရုတ်ဖုန်းလောကမှာ ဈေးနှုန်းတွေ တဟုန်ထိုး မြင့်တက်လာတဲ့ သတင်းဆိုးတစ်ခု ထွက်ပေါ်လာပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ချစ်ပ်ပြားနဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေ ဈေးနှုန်းအဆမတန် တက်သွားတာကြောင့် Vivo၊ iQOO၊ Oppo နဲ့ Honor စတဲ့ နာမည်ကြီး တရုတ်အမှတ်တံဆိပ်တွေဟာ သူတို့ရဲ့ ဖုန်းဈေးနှုန်းတွေကို အသီးသီး တိုးမြှင့်သတ်မှတ်လိုက်ကြပြီ ဖြစ်ပါတယ်။

အထူးသဖြင့် နောက်ဆုံးထွက် မော်ဒယ်အမြင့်ပိုင်းဖုန်းတွေမှာ သိသာတဲ့ ဈေးနှုန်းကွာဟချက်တွေ ရှိလာနေပြီး တခြားမော်ဒယ်တွေလည်း ဆက်တိုက်ဆိုသလို ဈေးတက်ဖို့ ရှိနေပါတယ်။ Xiaomi လို ကုမ္ပဏီကြီးတွေကလည်း ဒီလိုကုန်ကျစရိတ် မြင့်မားလာတဲ့ဒဏ်ကို အားလုံးအတူတူ ခံစားနေရကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြောဆိုထားပါတယ်။ ဒီလိုဈေးတက်ရတဲ့ အဓိကအကြောင်းရင်းကတော့ AI နည်းပညာ လိုအပ်ချက်ကြောင့် အစိတ်အပိုင်းတွေ ပြတ်လပ်လာတာအပြင် ကမ္ဘာ့အရေးအခင်းတွေကြောင့် ကုန်ကြမ်းစရိတ်တွေ မြင့်တက်လာတာကြောင့်ပဲ ဖြစ်ပါတယ်။


Latest