ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
တောင်ကိုရီးယားနိုင်ငံဟာ AI နည်းပညာကို လျှပ်စစ်မီး ဒါမှမဟုတ် ပြည်သူ့ ပို့ဆောင်ရေးစနစ်တွေလိုမျိုး လွယ်လွယ်ကူကူ သုံးစွဲနိုင်အောင် လုပ်ဆောင်ပေးချင်နေတာပါ။ အဆင့်မြင့် AI ကိရိယာတွေကို ကြေးကြီးပေး သုံးရတာမျိုး မဖြစ်စေဘဲ အစိုးရကိုယ်တိုင် စရိတ်ခံပေးပြီး ပြည်သူတိုင်း အခမဲ့ သုံးနိုင်အောင် “AI for All” ဆိုတဲ့ စီမံကိန်းအသစ်နဲ့ အကောင်အထည်ဖော်နေပါတယ်။
Wall Street Journal ရဲ့ ဖော်ပြချက်အရ ဒီအစီအစဉ်ဟာ ပြည်တွင်းဖြစ် AI Chatbot တွေ သုံးစွဲမှုကို မြှင့်တင်ပေးဖို့နဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေက ထုတ်လုပ်ထားတဲ့ နည်းပညာတွေအပေါ် အမှီအခို ကင်းရေးအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
“AI for All” စီမံကိန်းက အဆင့်မြင့် Chatbot တွေကို လူတိုင်း လက်ထဲ ထည့်ပေးဖို့ ရည်ရွယ်
ဒီ AI စနစ်တွေက မေးခွန်းတွေကို စာပြန်ရုံတင် မကပါဘူး။ အစိုးရ ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ထားတာမို့ AI ကနေတစ်ဆင့် ဆရာဝန်နဲ့ ရက်ချိန်းယူတာ၊ အခွန်ဆိုင်ရာ အကြံဉာဏ် ရယူတာ၊ အိမ်ငှား ရှာတာနဲ့ တခြား ပြည်သူ့ ဝန်ဆောင်မှုတွေကို ပါ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းငယ်တွေအနေနဲ့ ဒီ အခမဲ့ AI ကို သုံးပြီး အခွန်ဆောင်တာ၊ အစိုးရရဲ့ အထောက်အပံ့ အစီအစဉ်တွေမှာ ပါဝင်ခွင့် ရှိမရှိ စစ်ဆေးတာတွေ လုပ်နိုင်မှာဖြစ်သလို မိဘတွေအတွက်လည်း ကလေးတွေအတွက် သင့်တော်မယ့် ပညာရေးဆိုင်ရာ သင်ခန်းစာတွေကို အကြံပြုပေးသွားမှာပါ။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ ပညာရေးဆိုင်ရာ ကိစ္စတွေအတွက် AI ကို အကန့်အသတ်မရှိ အခမဲ့ သုံးခွင့် ရရှိကြပါလိမ့်မယ်။
AI နည်းပညာ ကိုယ်ပိုင် ရပ်တည်နိုင်ရေးအတွက်လည်း ရည်ရွယ်
ဒီစီမံကိန်းဟာ AI နည်းပညာ ပိုင်ဆိုင်စိုးမိုးနိုင်ရေး စီမံကိန်းတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။ ပြည်တွင်းဖြစ် AI ဝန်ဆောင်မှုတွေကို အခမဲ့ ပေးလိုက်ခြင်းအားဖြင့် အမေရိကန်နဲ့ တရုတ် Platform တွေအပေါ် ပြည်သူတွေ မှီခိုနေရတာ ပိုနည်းသွားမယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။
ဒီကြိုးပမ်းမှုကို ပံ့ပိုးဖို့အတွက် အစိုးရက ရွေးချယ်ခံရတဲ့ နည်းပညာကုမ္ပဏီတွေကို Nvidia B200 AI chip အကောင်ရေ ၅၁၂ ခုအထိ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး လည်ပတ်စရိတ်တွေကိုပါ ကူညီကျခံပေးသွားမှာပါ။ စီမံကိန်းတစ်ခုလုံးအတွက် ကုန်ကျစရိတ် စုစုပေါင်းကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒီအခြေအနေဟာ AI စျေးကွက် မကြာခင်မှာ ဘယ်လောက်အထိ ကြီးမားလာပြီလဲဆိုတာကို ပြသနေတာပါ။ တောင်ကိုရီးယား ပြည်သူ သန်း ၂၀ ထက်မကဟာ အခမဲ့ AI စနစ်တွေကို သုံးနေကြပြီး လေးယောက်မှာ တစ်ယောက်နှုန်းကတော့ အခကြေးငွေပေးပြီး သုံးနေကြတာပါ။ အစိုးရကလည်း ၂၀၂၆ ခုနှစ်အတွက် AI ဘတ်ဂျက်ကို ဒေါ်လာ ၇.၂ ဘီလီယံအထိ သုံးဆ တိုးမြှင့်လိုက်ပြီး ဒါဟာ ရိုးရိုး နည်းပညာ ခေတ်ရေစီးကြောင်း တစ်ခုမဟုတ်ဘဲ အရေးပါတဲ့ အမျိုးသား အခြေခံအဆောက်အအုံ တစ်ခုအဖြစ် ရှုမြင်ကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ ချဉ်းကပ်ပုံဟာ ပြည်သူတစ်ရပ်လုံးအတွက် မဟုတ်ဘဲ ကျောင်းသားတွေလို သီးသန့် အုပ်စုတွေအတွက်ပဲ အဆင့်မြင့် AI ကို အခမဲ့ ပေးသုံးတာမျိုး လုပ်ဆောင်နေတဲ့ အမေရိကန်လို နိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကွဲပြားလျက် ရှိပါတယ်။






