Your cart is currently empty!
ဝေဖန်သံတွေကြားက ဝုန်းဒိုင်းကြဲ အောင်မြင်သွားတဲ့ iPhone Air
“Battery နည်းတယ်”၊ “စျေးကြီးတယ်” ဆိုပြီး လူသိပ်မကြိုက်ဘူးလို့ ထင်ကြေးပေးခံခဲ့ရတဲ့ iPhone Air ဟာ အခုတော့ Ookla ရဲ့ Speedtest အသုံးပြုမှု ဒေတာတွေအရ သူ့ရဲ့ ရှေ့ဆောင် iPhone 16 Plus ထက် အသုံးပြုသူ အရေအတွက် ၂ ဆကျော် (6.8% vs 2.9%) တောင် ပိုများနေတာကို တွေ့ရပါတယ်။ ဒါဟာ နည်းပညာလောကမှာ “အစွမ်းထက်ဖို့ထက် ဆွဲဆောင်မှုရှိဖို့” ကလည်း ဘယ်လောက်အရေးပါတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။
တကယ်တော့ ဒီရလဒ်က Apple ရဲ့ Customer တွေကို ဘယ်လိုရောင်းတတ်ရလဲဆိုတဲ့ အတတ်ပညာ ကို မီးမောင်းထိုးပြနေတာပါ။ အလားတူ ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ထွက်ရှိခဲ့တဲ့ ပြိုင်ဘက် Galaxy S25 Edge (ခေါ်) Galaxy Edge နဲ့ ယှဉ်ကြည့်ရင်လည်း iPhone Air က သိသိသာသာကို အသာစီးရနေတာ ဖြစ်ပါတယ်။ Galaxy Edge ဟာ လက်တွေ့မှာ ရောင်းအားသိပ်မကောင်းခဲ့တာကြောင့် နောက်ဆက်တွဲမော်ဒယ်တွေ ထွက်လာဖို့တောင် မသေချာတော့တဲ့ အခြေအနေမှာ ရှိနေချိန်မှာ၊ iPhone Air ကတော့ ဒီဇိုင်းကို အလေးထားတဲ့ ဂျပန်၊ ကိုရီးယားနဲ့ စင်ကာပူလို နိုင်ငံတွေမှာ အကြီးအကျယ်ကို ရေပန်းစားနေတာပါ။
နည်းပညာထက် ဒီဇိုင်းကို ဦးစားပေးသူတွေအတွက်
ဒီဒေတာတွေအရ လူတွေဟာ ဖုန်းတစ်လုံးကို ဝယ်တဲ့အခါမှာ Hardware အင်အားကြီးတာထက် ကြည့်လိုက်ရင် လှပပြီး ကိုင်ရတာ သက်သောင့်သက်သာရှိတဲ့ “Thin & Light” ဒီဇိုင်းကို ပိုပြီး တန်ဖိုးထားလာကြတာ ထင်ရှားပါတယ်။ ပါးပါးလျလျနဲ့ ခေတ်မီတဲ့ ပုံစံကို ကြိုက်နှစ်သက်တဲ့ User အသစ်တွေကို Apple က ကောင်းကောင်းကြီး ဆွဲဆောင်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။






