အိမ်မှာ အလုပ်လုပ်နေရင်း မေ့လဲသွားခဲ့တဲ့ ပရိုဂရမ်မာတစ်ဦး

တရုတ်နိုင်ငံမှ ပရိုဂရမ်မာတစ်ဦးဖြစ်သူ အသက် ၃၂ နှစ်အရွယ် Gao Guanghui ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အိမ်မှာ အလုပ်လုပ်နေရင်း မေ့လဲသွားခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ပြောကြားခဲ့ပါတယ်။

Gao ဟာ မကြာသေးခင်ကမှ မန်နေဂျာရာထူးကို တိုးမြှင့်ခံထားရသူဖြစ်ပြီး ပရိုဂရမ်ရေးဆွဲခြင်း၊ စီမံခန့်ခွဲရေးတာဝန်များသာမက ဝယ်ယူသူတွေအတွက် ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်း (After-sales service) တွေကိုပါ တာဝန်ယူနေရတာကြောင့် အလုပ်ချိန်အလွန်အမင်း များပြားနေခဲ့တာပါ။

မိသားစုဝင်တွေရဲ့ ပြောပြချက်အရ Gao ဟာ နိုဝင်ဘာလ ၂၉ ရက် (စနေနေ့) မှာ အိမ်မှာနေရင်း အလုပ်တွေဆက်လုပ်နေစဉ် နေမကောင်းဘူးလို့ ပြောပြီးနောက် မေ့လဲသွားခဲ့တာ ဖြစ်ပါတယ်။

ပိုပြီးစိတ်မကောင်းစရာကောင်းတာကတော့ Gao ဆေးရုံတက်နေရတဲ့အချိန်မှာတောင် ကုမ္ပဏီရဲ့ WeChat Group ထဲကနေ အလုပ်ကိစ္စ မက်ဆေ့ချ်တွေ ဆက်တိုက်ဝင်နေခဲ့ပြီး အရေးကြီးတဲ့ အော်ဒါတွေကို အပြီးသတ်ဖို့ ညွှန်ကြားချက်တွေပါ ပါဝင်နေခဲ့တယ်လို့ မိသားစုက ဆိုပါတယ်။ လောလောဆယ်မှာတော့ Gao ရဲ့ မိသားစုဟာ အလုပ်ခွင်ထိခိုက်မှုဆိုင်ရာ နစ်နာကြေး (Work-related injury compensation) ရရှိဖို့ လျှောက်ထားထားပြီး အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။


Latest