၂၀၂၆ စမတ်ဖုန်းလောကရဲ့ သိသာထင်ရှားတဲ့ အလှတရား

၂၀၂၆ စမတ်ဖုန်းလောကရဲ့ သိသာထင်ရှားတဲ့ အလှတရား – ပိုမိုပါးလွှာပြီး ညီညာလာတဲ့ Display ဘောင်များ

ဒီနှစ်ဆန်းပိုင်းမှာ ထွက်ရှိလာတဲ့ စမတ်ဖုန်းအသစ်တွေကို ကြည့်လိုက်ရင် အမှတ်တံဆိပ်တစ်ခုတည်းတင်မဟုတ်ဘဲ Brand အတော်များများမှာ Display Bezel တွေ အရင်ကထက် သိသိသာသာ ညီညာလာတာကို သတိထားမိကြမှာပါ။ အထူးသဖြင့် Mid-Range ဖုန်းတွေမှာတောင် ဘေးဘောင်တွေက အတော်လေး ပါးလွှာလာပြီး လေးဘက်လေးတန် ညီညာမှုရှိလာတာဟာ တကယ့်ကို အားရစရာကောင်းတဲ့ တိုးတက်မှုတစ်ခုပါ။

အရင်တုန်းကတော့ “မျက်နှာပြင်ဘောင် လေးဘက်ညီညာမှု” ဆိုတာ iPhone တွေမှာပဲ တွေ့ရလေ့ရှိတဲ့ အားသာချက်တစ်ခု (Privilege) လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ၂၀၂၆ မှာတော့ Android ဖုန်းတွေ (Mid-Range ကအစ Flagship အထိ) ဟာ ဘောင်တွေကို ပါးနိုင်သမျှပါးအောင် ဖန်တီးလာကြသလို၊ တချို့ Flagship တွေဆိုရင် iPhone ထက်တောင် ဘောင်ပိုပါးလာတာကို တွေ့ရပါတယ်။

စမတ်ဖုန်းတွေမှာ နည်းပညာတွေ စုံလင်လာတာနဲ့အမျှ အခုနှစ်မှာတော့ ဖုန်းအသုံးပြုသူတွေအတွက် Viewing Experience (မျက်နှာပြင်ကြည့်ရှုမှု အတွေ့အကြုံ) ဟာ အမြင့်မားဆုံးအဆင့်ကို ရောက်လာလိမ့်မယ်လို့ ယူဆရပါတယ်။ အရင်က USB Type-B ကနေ Type-C ပြောင်းဖို့ ဝိုင်းဝန်းတွန်းအားပေးခဲ့ကြသလို၊ နောက်ပိုင်းမှာ ဘေးဘောင်တွေ ညီညာဖို့အတွက်ပါ အသုံးပြုသူတွေဘက်က တောင်းဆိုလာကြတာကြောင့် အခုလို တိုးတက်မှုတွေ ဖြစ်ပေါ်လာတာပါ။

ဖုန်းတိုင်းနီးပါးရဲ့ ဘေးဘောင်တွေသာ တပြေးညီ ပါးလွှာသွားမယ်ဆိုရင် နောက်ထပ် ဝေဖန်စရာ ဒါမှမဟုတ် တိုးတက်ဖို့ ကျန်နေသေးတာကတော့ Punch Hole Camera ပဲ ရှိပါတော့တယ်။ အနာဂတ်မှာ Camera ပါ မျက်နှာပြင်အောက် ရောက်သွားခဲ့ရင်တော့ ကျွန်တော်တို့ စိတ်ကူးယဉ်ခဲ့တဲ့ Full Display ခံစားချက်ကို အပြည့်အဝ ရရှိတော့မှာ ဖြစ်ပါတယ်။


Latest