တောင်ကိုရီးယားကအပြန် ဝယ်ယူသွားသင့်တဲ့ ရိုးရာ အမှတ်တရပစ္စည်းများ

တောင်ကိုရီးယားနိုင်ငံဟာ ကိုယ်ပိုင်ရိုးရာယဥ်ကျေးမှုရှိတဲ့အပြင် အပန်းဖြေလည်ပတ်စရာနေရာတွေ၊ လေ့လာစရာ သမိုင်းဝင် ရိုးရာဓလေ့တွေ၊ မြည်းစမ်းကြည့်သင့်တဲ့ နာမည်ကြီး အစားအသောက်တွေ ‌ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်တဲ့အခါ အမှတ်တရ ပစ္စည်းတွေ ဘာဝယ်ရမလဲ စဥ်းစားရကြပ်နေရင် ဒီနေ့မှာတော့ တောင်ကိုရီးက အပြန် ဘယ်လိုလက်ဆောာင်တွေ ဝယ်သွားရင်ကောင်းမလဲ ဆိုတာပြောပြသွားမှာ ဖြစ်ပါတယ်။

1. ကိုရီးယားရိုးရာ Celadon ဗုဒ္ဓအမွှေးတိုင်အိုး
ကိုးရီးယားလို Hoon-ro လို့ ခေါ်တဲ့ အမွှေးတိုင်အိုးတွေကို ကိုရီးယားမှာ ရှေးခေတ်ကတည်းက အသုံးပြုခဲ့ကြပြီး အနံ့ဆိုးတွေကို ဖယ်ရှားပြီး စိတ်ကို ကြည်လင်လန်းဆန်းစေအောင် ပြုလုပ်ပေးပါတယ်။ ကိုရီးယားနိုင်ငံရဲ့ အမွှေးတိုင်အိုးအများစုဟာ ဗုဒ္ဓဘာသာနဲ့ ဆက်စပ်နေတဲ့ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း 1600 ကျော်လောက်က ကိုရီးယားကို ဗုဒ္ဓဘာသာ စတင်ရောက်ရှိလာခဲ့ပါတယ်။ ဒီဆယ်စုနှစ်တွေအတွင်း ခရစ်ယာန်ဘာသာ ကိုးကွယ်မှု တဖြည်းဖြည်း အခိုင်အမာ ရရှိလာချိန်အထိ ကိုရီးယားနိုင်ငံမှာ လွှမ်းမိုးမှုအတော်ရှိတဲ့ ဘာသာတစ်ခုဖြစ်ပါတယ်။ နံ့သာငွေ့တွေဟာ အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးနိုင်ရုံသာမက လူ့ခန္ဓာကိုယ်နဲ့ စိတ်ကိုလဲ သန့်စင်စေတယ်လို့ ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်ကြပါတယ်။ ဒီလိုယုံကြည်ချက်တွေကြောင့် အမွှေးတိုင်အိုးထွန်းခြင်းကို ကိုရီးယားဘိုးဘွားတွေရဲ့ အခမ်းအနားတွေနဲ့ ဈာပနအခမ်းအနားများစွာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒီအမွှေးတိုင်တွေဟာ တကယ့်ကို လက်ရာမြောက်အောင် ကိုရီးယားဆန်ဆန် ပြုလုပ်ထားကြပါတယ်။ အိုးတခုစီတိုင်းကို လက်နဲ့ပြုလုပ်ထားဖြစ်ပြီး အကောင်းဆုံး Celadon ကို အသုံးပြုကြပါတယ်။ ရိုးရာအရ အိုးအများစုကို လိပ်၊ ယုန်၊ ကြိုးကြာ၊ ကျား၊ ကြာပန်း ဒါမှမဟုတ် ဂန္ဓမာတို့လို အပင်တွေ၊ တိရစ္ဆာန်တွေနဲ့လဲ ပုံဖော်ပြုလုပ်ကြပါတယ်။

2. ကိုရီးယားရိုးရာ မျက်နှာဖုံးများ
ကိုရီးယားလို tal လို့ ခေါ်တဲ့ ကိုရီးယားရိုးရာ မျက်နှာဖုံးတွေကို အခမ်းအနားတွေနဲ့ ထုံးတမ်းစဉ်လာတွေအပြင် တော်ဝင်နန်းတော်တွေမှာလဲ အသုံးပြုကြတဲ့ အစဉ်အလာရှိပါတယ်။ ကိုရီးယား၏ shamanism ယုံကြည်ချက်ကြောင့်ဘာသာရေးမျက်နှာဖုံးတွေကို နတ်ဆိုးတွေကို မောင်းထုတ်ဖို့ အသုံးပြုကြပါတယ်။ စစ်မျက်နှာဖုံးတွေကိုတော့ ရှေးယခင်က စစ်သားတွေနဲ့ စစ်မြင်း (အရက်တံဆိပ် မဟုတ်ပါ) တွေမှာ မကြာခဏ ဝတ်ဆင်ကြပါတယ်။ hahoe-tal လို့ခေါ်တဲ့ ရိုးရာမျက်နှာဖုံးတွေကတော့ အကနဲ့ ပြဇာတ်တွေမှာ အသုံးများပါတယ်။ ယနေ့ခေတ်မှာတော့ မျက်နှာဖုံးတွေကို အများအားဖြင့် ကံကောင်းစေတဲ့ အဆောင်တွေ အဖြစ်လည်းကောင်း၊ ရိုးရာအခမ်းအနားတွေနဲ့ ပြဇာတ်တွေမှာ ပြန်လည်အသက်သွင်းအသုံးပြုလာကြပါတယ်။ မျက်နှာဖုံးတွေကို များသောအားဖြင့် alder သစ်သားနဲ့ ပြုလုပ်ထားပြီး ရေစိုခံစေ ယွန်းအုပ်ထားပါတယ်။

3. Korean Hanbok အရုပ်များ
Hanbok ကတော့ အမျိုးသားရော အမျိုးသမီးပါ ၀တ်ဆင်လေ့ရှိတဲ့ ကိုရီးယားရိုးရာဝတ်စုံဖြစ်ပါတယ်။ Hanbok ဆိုတဲ့ အသုံးအနှုန်းကို တောင်ကိုးရီးယားလူမျိုးများက အဓိကအသုံးပြုပြီး မြောက်ကိုးရီးယားလူမျိုးများကတော့ chosŏn-ot (조선옷) ‘ဆိုပြီးခေါ်ကြပါတယ်။ Hanbok ဟာ နှစ်ပေါင်း 2,000 ကျော် သက်တမ်းရှိပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် အလှပဆုံး ဖက်ရှင်စတိုင်တွေထဲက တခုဖြစ်ပြီး ရိုးရာဝတ်စုံတွေထဲမှာ လူကြိုက်များ ထင်ရှားတဲ့ထဲ ပါပါတယ်။ Hanbok ကို Goguryeo မင်းဆက် (57 BC to 668 AD) အတွင်း စတင် ဒီဇိုင်းထုတ်ခဲ့တယ် ယူဆရပြီး ပုံစံ အမျိုးမျိုးနဲ့ ဝတ်တဲ့သူတွေ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်အောင် ပြုလုပ်ခဲ့ကြပါတယ်။ Hanbok ကို ကိုရီးယားတွင် အထိမ်းအမှတ်ပွဲများ၊ မင်္ဂလာဆောင်များ၊ မွေးနေ့ပွဲတွေမှာ ယနေ့တိုင် ဝတ်ဆင်ကြပြီး ကိုရီးယားလူမျိုးများရဲ့ အလှတရားကို ကိုယ်စားပြုပါတယ်။ တကယ့် full-scale hanbok တွေအစား Korean Hanbok အရုပ်တွေကိုလဲ အမှတ်တရ ဝယ်လို့ရပါတယ်။ ဒီအရုပ်တွေက အိမ်မှာ အလှဆင်ပြီးထားဖို့နဲ့ ဧည့်သည်တွေကို ပြသဖို့ ပြီးပြည့်စုံ လက်ဆောင်ပစ္စည်း ဖြစ်ပါတယ်။ ဒီအရုပ်တွေဟာလဲ လူငယ်မိန်းကလေးတွေကြားမှာ အထူးရေပန်းစားပါတယ်။

4. အထူးပြု အော်ဂဲနစ် ကိုရီးယား Jakseol Green Tea (Jakseolcha)
ကိုရီးယားလူမျိုးများတွေဟာ ကော်ဖီနဲ့ လက်ဖက်ရည် သောက်ရတာကို နှစ်သက်ကြပါတယ်။ ဒီနေရာမှာ လက်ဖက်ရည်က မြန်မာက လက်ဖက်ရည်ဆိုင်မှာ ရတဲ့ လက်ဖက်ရည်မျိုးမဟုတ်ဘဲ ‌မြန်မာအခေါ် ရေနွေးကြမ်းလိုမျိုး ဖြစ်ပါတယ်။ ကိုရီးယားလူမျိုးအများစုဟာ တစ်နေ့ကို အနည်းဆုံး လက်ဖက်ရည်တစ်ခွက်သောက်ကြပါ။ အကောင်းမွန်ဆုံးကိုရီးယားလက်ဖက်စိမ်းတစ်မျိုး Jakseolcha လက်ဖက်ကို “စာကလေးငှက်လျှာ” လို့လူသိများပြီး ဒီလက်ဖက်စိမ်းအမျိုးအစားရဲ့ အရွက်က ငှက်ရဲ့လျှာနဲ့တူတာကြောင့် ဖြစ်ပါတယ်။ Jakseolcha လက်ဖက်တော့ ပုံမှန်လက်ဖက်စိမ်းလိုမျိုး လက်ဖက်ပင်အမျိုးအစားကနေ ဆင်းသက်လာပေမယ့်လဲ အရွက်နုနုတွေကိုဘဲ အသုံးပြုတာကြောင့် အရသာကွဲပြားမှု ရှိပါတယ်။ Jakseolcha လက်ဖက်ဟာ ကိုရီးယားမှာ စျေးအကြီးဆုံး လက်ဖက်စိမ်းအမျိုးအစား တခုဖြစ်ပါတယ်။ Jakseolcha လက်ဖက်ကို သောက်မယ်ဆိုရင်တော့ လက်ဖက်ခြောက်ရွက်ကို ရေနွေးပူပူ (70-80°C) တွင်ထည့်ပြီး မသောက်ခင် မိနစ်အတော်ကြာ စိမ်ထားလိုက်ပါ။ ရေနှင့် လက်ဖက်ရွက် အချိုးအစား မှန်ကန်စေဖို့ သတိထားဂရုပြုရပါမ။ ပထမတခွက် သောက်ပြီးရင် ရေနွေး များများ ထည့်ပြီး နောက်ထပ်နဲနဲ သောက်သင့်ပါတယ်။ ဒုတိယ နဲ့ တတိယ ခွက်တွေမှာ အရသာ ပိုကောင်းတယ်လို့ ဆိုကြပါတယ်။ လက်ဖက်ရည်ကြိုက်တဲ့ သူတွေအတွက် မရှိမဖြစ် ဝယ်သွားသင့်တဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။

ကိုရီးယားက အိမ်ပြန်လက်‌ဆောင်တွေက ဒီလောက်ဘဲ ရှိတာမဟုတ်ပါဘူး။ ရိုးရာယဥ်ကျေးမှု ကြွယ်ဝတဲ့ တိုင်းပြည်တပြည်ဖြစ်တာနဲ့အညီ နောက်ထပ် လူကြိုက်များ ဝယ်ယူလေ့ရှိတဲ့ လက်ဆောင်တွေ ကျန်နေပါသေးတယ်။ နောက်ထပ်ရွေးချယ်ထားတဲ့ လက်ဆောင်ပစ္စည်းတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ K-drama တွေလိုဘဲ နောက်အပတ်မှာ ဖော်ပြပေးမှာမလို့ ဆက်ရန်ရှိသေးသည်။ မျှော်…….

#korea #souvenir #Myanmar #myangoal #travel #visit #airticket #traditional #shopping


Latest