Bezel မမြင်ရတဲ့ ဒီဇိုင်းနဲ့ iPhone ကို မြင်ရဖို့ရှိ

Apple ရဲ့ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့ Bezel မမြင်ရတဲ့ ဒီဇိုင်းနဲ့ iPhone ကို မြင်ရဖို့ရှိ

Apple ဟာ ၂၀၂၇ မှာ iPhone ရဲ့ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ထူးခြားတဲ့ မော်ဒယ်အသစ်တွေကို မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ Bloomberg ရဲ့ နာမည်ကြီး သတင်းထောက် Mark Gurman က ဖော်ပြခဲ့ပါတယ်။ ဒီအထိမ်းအမှတ်မှာ Apple ရဲ့ ပထမဆုံး ခေါက်ဖုန်း (Foldable iPhone) နဲ့အတူ Bezel မမြင်ရတဲ့၊ ဖန်ချပ်တစ်ချပ်လိုမျိုး ဒီဇိုင်းဆန်းသစ်တဲ့ iPhone မော်ဒယ်အသစ်တစ်ခုကိုပါ မိတ်ဆက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ET News ရဲ့ ဖော်ပြချက်အရ Apple ဟာ ၂၀၂၇ မှာ ထုတ်မယ့် iPhone မော်ဒယ်အသစ်မှာ “four-edge bending” နည်းပညာကို အသုံးပြုပြီး ဖုန်းရဲ့ အစွန်းအားလုံးမှာ ဖန်သားပြား ကွေးညွှတ်ထားတဲ့ ဒီဇိုင်းကို ထည့်သွင်းမယ်လို့ ဆိုပါတယ်။ ဒါဟာ ဖုန်းရဲ့ ဘေးဘောင် (Bezel) တွေ လုံးဝမမြင်ရတဲ့၊ ဖန်သားပြားတစ်ခုလို ချောမွေ့တဲ့ အသွင်အပြင်ကို ဖန်တီးပေးမှာပါ။ ဒီဒီဇိုင်းဟာ Apple ရဲ့ ယခင် ဒီဇိုင်းဆရာကြီး Jony Ive ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “ဖန်သားပြားတစ်ခုလို ပုံစံရှိတဲ့ iPhone” ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးမယ့် ပုံစံလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင်၊ ဒီမော်ဒယ်မှာ ကင်မရာနဲ့ Face ID အာရုံခံကိရိယာတွေကို ဖန်သားပြားအောက်မှာ ထည့်သွင်းထားမယ့် နည်းပညာကို အသုံးပြုမှာဖြစ်လို့ ဖန်သားပြားမှာ အပေါက်တွေ သို့မဟုတ် Notch တွေ မပါတော့ဘူးလို့ ဆိုပါတယ်။

ဒီလို ဒီဇိုင်းအတွက် Apple ဟာ Samsung Display နဲ့ LG Display တို့နဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး ဖန်သားပြားရဲ့ အလင်းပို့လွှတ်မှု စွမ်းရည်နဲ့ ပုံရိပ်ပုံပျက်မှု လျော့ချဖို့ အထူးနည်းပညာတွေ ထည့်သွင်းမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ ၁၀၀% ဆီလီကွန်သုံး ဆိုလစ်စတိတ်ဘက်ထရီ (solid-state battery) ကို အသုံးပြုမယ်လို့ ဆိုထားပြီး၊ ဒီဘက်ထရီက ပိုမိုကောင်းမွန်တဲ့ စွမ်းအင်သိပ်သည်းမှုနဲ့ ပိုရှည်လျားတဲ့ ဘက်ထရီသက်တမ်းကို ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဒီလို Bezel မမြင်ရတဲ့ ဒီဇိုင်းနဲ့ ခေါက်ဖုန်းတွေဟာ နည်းပညာပိုင်း ဆန်းသစ်တယ်ဆိုပေမယ့် စိန်ခေါ်မှုတချို့လည်း ရှိပါတယ်။ ဥပမာ၊ ဖန်သားပြားအားလုံးကို ကွေးညွှတ်ထားတဲ့ ဒီဇိုင်းဟာ ဖုန်းရဲ့ ဖွဲ့စည်းပုံ ခိုင်ခံ့မှုကို ထိခိုက်နိုင်ပြီး ပြုတ်ကျရင် ပျက်စီးလွယ်နိုင်တယ်လို့ သုံးသပ်သူတွေက ထောက်ပြထားပါတယ်။ ဒါ့အပြင် Bezel မရှိတာကြောင့် လက်ဖဝါးထိမိမှုကို ထိန်းချုပ်ဖို့ အတွက် Apple အနေနဲ့ iOS ရဲ့ အပြန်အလှန်ထိတွေ့မှုနည်းပညာတွေကို ပြန်လည်ပြုပြင်ရလိမ့်မယ်လို့ ဆိုပါတယ်။

စျေးနှုန်းပိုင်းမှာတော့ ဒီဖုန်းတွေဟာ သာမန်စျေးမဟုတ်ဘူးလို့ ခန့်မှန်းထားပါတယ်။ ခေါက်ဖုန်းရဲ့ စျေးနှုန်းက ဒေါ်လာ ၂,၀၀၀ ကနေ ၂,၅၀၀ အထိ ရှိနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုထားပြီး၊ Bezel မမြင်ရတဲ့ iPhone Pro မော်ဒယ်ကလည်း ဈေးကြီးတဲ့ အထူးထုတ် မော်ဒယ်တစ်ခုဖြစ်လာနိုင်ပါတယ်။


Latest