Apple ကတော့ PROLED XDR Display အမျိုးအစားနဲ့ MacBook သမိုင်းမှာ ပထမဆုံး Touch Screen စနစ် ပါဝင်လာတဲ့ MacBook Pro အသစ်ကို တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
ဒီ MacBook Pro အသစ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့တုန်းက “Pro and tell” အစီအစဉ် ရုပ်သံနဲ့ စတင် အရိပ်အမြွက် ပေးခဲ့တာဖြစ်ပြီး၊ Apple ရဲ့ CEO သစ် John Ternus ကလည်း သူ့ရဲ့ X လူမှုကွန်ရက် အကောင့်မှာ MacBook Pro အသစ်ရဲ့ ပထမဆုံး ပုံရိပ်တွေကို မျှဝေရင်း တရားဝင် ထုတ်ဖော်ပြသခဲ့တာပါ။
ဒီ မော်ဒယ်အသစ်မှာ ၂၀၁၆ MacBook Pro နောက်ပိုင်း ပျောက်ကွယ်သွားခဲ့တဲ့ Apple ရဲ့ မီးလင်းတဲ့ နောက်ကျော Logo ဒီဇိုင်းကို ပြန်လည် ဆန်းသစ် ထည့်သွင်းပေးထားပြီး Tandem OLED နည်းပညာသုံး PROLED XDR Display နဲ့ Touch စနစ်တို့ကို ပေါင်းစပ်ပေးထားပါတယ်။
အတွင်းပိုင်း စွမ်းဆောင်ရည်ပိုင်းမှာတော့ ပြီးခဲ့တဲ့ မတ်လတုန်းက ထွက်ရှိထားတဲ့ Mini-LED မော်ဒယ်တွေလိုပဲ M5 Pro နဲ့ M5 Max Chip တွေကိုပဲ ဆက်လက် အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည် အနေနဲ့ကတော့ အတူတူနီးပါးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Peak Brightness ကိုတော့ အရင် ၁၆၀၀ nits ကနေ ၂၀၀၀ nits အထိ တိုးမြှင့်ပေးထားသလို၊ Unified Memory ကိုလည်း 128GB အထိနဲ့ Storage ကို 16TB အထိ ကြိုက်နှစ်သက်သလို တိုးမြှင့် မှာယူနိုင်မှာပါ။
ဒီမော်ဒယ်ရဲ့ အဓိက ထူးခြားချက်ကတော့ Mac သမိုင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာတဲ့ Touch Screen နည်းပညာပဲ ဖြစ်ပါတယ်။ Display Panel ထဲမှာ Touch Sensor ကို တိုက်ရိုက် ထည့်သွင်းထားတာကြောင့် လက်နဲ့ ထိတွေ့ အသုံးပြုတဲ့အခါ တိုက်ရိုက် ထိတွေ့နေရသလိုမျိုး Latency ကြန့်ကြာမှုမရှိဘဲ Screen ပေါ်မှာ Webpage တွေ ပွတ်ဆွဲတာ၊ ပုံတွေကို Pinch လုပ်ပြီး Zoom ဆွဲတာ၊ Slide တွေကို ရွှေ့တာနဲ့ double-tap လုပ်ပြီး Window ချဲ့တာတွေကို အလွန် လျှင်မြန် ချောမွေ့စွာ ပြုလုပ်နိုင်ပါတယ်။
Graphic Designer တွေအနေနဲ့ Screen တစ်ခုလုံးကို ရေးဆွဲစရာ Canvas အဖြစ် သုံးနိုင်မှာဖြစ်သလို၊ ဂီတပညာရှင်တွေလည်း မော်နီတာပေါ်မှာ Instrument တွေကို တိုက်ရိုက် တီးခတ်နိုင်ပြီး App Developer တွေအတွက်လည်း iOS နဲ့ iPadOS App တွေရဲ့ Touch စနစ်ကို တိုက်ရိုက် စမ်းသပ်နိုင်တော့မှာပါ။
Touch အသုံးပြုချိန်မှာ မျက်နှာပြင် လှုပ်ခါမသွားအောင် Hinge ဒီဇိုင်းအသစ်ကို ပြောင်းလဲပေးထားသလို Video Call ပြောနေစဉ် Touch သုံးရင်တောင် ကင်မရာ ငြိမ်နေအောင် real-time Video Stabilization စနစ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် အရင် မော်ဒယ်တွေမှာ ပါဝင်တဲ့ Notch ဒီဇိုင်းကို လုံးဝ ဖယ်ရှားလိုက်ပြီး မျက်နှာပြင်ပေါ်မှာ Spotlight၊ Live Activities နဲ့ Siri AI တို့ ပါဝင်တဲ့ Dynamic Island စနစ်ကို အစားထိုး တပ်ဆင်ပေးလိုက်ပါပြီ။
ဒီဇိုင်းပိုင်းမှာလည်း အရင်ကထက် ပိုမို ပါးလွှာပြီး အလေးချိန် သိသိသာသာ ပေါ့ပါးသွားပါတယ်။ ၁၄ လက်မ မော်ဒယ်ဟာ အရွယ်အစား ၀.၅၉ x ၁၂.၂၄ x ၈.၅၂ လက်မ ရှိပြီး အလေးချိန် ၃ ပေါင်တိတိပဲ ရှိတော့တာကြောင့် အရင် မော်ဒယ်ဟောင်း (၃.၅ ပေါင်) ထက် နာရီဝက် ပေါင်ခွဲမက ပေါ့ပါးသွားတာ ဖြစ်ပါတယ်။ ၁၆ လက်မ မော်ဒယ်ကလည်း အရွယ်အစား ၀.၆၃ x ၁၄ x ၉.၆၂ လက်မ ရှိပြီး အလေးချိန် ၄ ပေါင်တိတိပဲ ရှိတော့တာမို့ အရင်မော်ဒယ်ဟောင်း (၄.၇ ပေါင်) ထက် ၀.၇ ပေါင်နီးပါး ပေါ့ပါးသွားတာတွေ့ရပါတယ်။
အခြား အချက်အလက်တွေ အနေနဲ့ လုံခြုံရေးအတွက် Touch ID စနစ်ကိုပဲ ဆက်လက် သုံးစွဲထားပြီး Face ID စနစ်နဲ့ built-in cellular စနစ်တွေတော့ ပါဝင်လာခြင်း မရှိသေးပါဘူး။ ကာလာအားဖြင့် Silver နဲ့ Space Black ဆိုပြီး စတင် ရွေးချယ်နိုင်ကာ Standard Display ဒါမှမဟုတ် Nano-texture Display စနစ်တို့နဲ့ မှာယူနိုင်မှာပါ။
ဈေးနှုန်း အနေနဲ့ ၁၄ လက်မ မော်ဒယ်ကို ဒေါ်လာ ၂,၈၉၉ ကနေ စတင်မှာဖြစ်ပြီး ၁၆ လက်မ မော်ဒယ်ကိုတော့ ဒေါ်လာ ၃,၃၉၉ မှ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ Pre-order များကို Apple တရားဝင် Website တို့မှာ အခုပဲ စတင် မှာယူနိုင်ပြီဖြစ်ကာ လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့မှာ စတင် ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။






