Apple ရဲ့ ခေါက်ဖုန်းအိမ်မက် 

Apple ရဲ့ ခေါက်ဖုန်းအိမ်မက် 

Apple ဟာ သူတို့ရဲ့ ပထမဆုံး Foldable iPhone ကို ၂၀၂၆ ခုနှစ် နွေဦးကာလမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိဈေးကွက်ထဲမှာ ရှိနေတဲ့ စာအုပ်တစ်အုပ်လို ဘေးတိုက်ဖွင့်ရတဲ့ “Book-style” ဒီဇိုင်းအပြင်၊ အရင်ခေတ်က Flip ဖုန်းတွေလို အထက်အောက် ပိတ်လို့ရတဲ့ “Clamshell” (ဂုံးကောင်ပုံစံ) ကိုလည်း Apple က စမ်းသပ်နေတယ်လို့ သိရပါတယ်။

ဘာကြောင့် Clamshell ဒီဇိုင်းက စိတ်ဝင်စားဖို့ကောင်းတာလဲ? 

စာအုပ်ပုံစံခေါက်ဖုန်းက ဖုန်းတစ်လုံးကို တက်ဘလက်အရွယ်အစားဖြစ်အောင် လုပ်ပေးနိုင်ပေမယ့်၊ Clamshell ဒီဇိုင်းကတော့ iPhone 17 Pro Max လို ဖုန်းအကြီးကြီးကိုတောင် အိတ်ကပ်ထဲ အသာလေးထည့်လို့ရတဲ့ အရွယ်အစားအထိ သေးငယ်သွားအောင် လုပ်ပေးနိုင်တာပါ။ ဒါ့အပြင် အပြင်ဘက်မှာ Notification တွေနဲ့ Widget တွေကြည့်ဖို့အတွက် Screen အသေးလေးတစ်ခုလည်း ပါဝင်လာနိုင်ပါတယ်။

သတင်းတွေအရ Apple ဟာ ဒီ Clamshell ပုံစံကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ဖို့အထိတော့ ဆုံးဖြတ်ချက် မချရသေးပါဘူး။ ပထမဆုံး ထွက်လာမယ့် “Book-style” ခေါက်ဖုန်းကို ဈေးကွက်က ဘယ်လောက်အထိ လက်ခံမလဲဆိုတာကို အရင်ကြည့်ပြီးမှသာ နောက်ထပ် ဒီဇိုင်းအသစ်ကို ဆက်သွားမလားဆိုတာ ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ်ဟာ Apple အတွက် iPhone 18 Pro စီးရီးတွေအပြင် ခေါက်ဖုန်းလောကထဲကိုပါ ခြေစုံပစ်ဝင်မယ့် နှစ်တစ်နှစ် ဖြစ်လာနိုင်ပါတယ်။


Latest