Apple ရဲ့ ပထမဆုံး ခေါက်ဖုန်း iPhone Duo ရဲ့ နောက်ကွယ်

Apple ကနေ ပထမဆုံး Foldable Generation ထွက်ရှိတာ ဖြစ်ပေမဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်မယ့် Specs နဲ့ UX Software ပိုင်းတွေကို သေချာ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ 

Apple ဟာ ဒီခေါက်ဖုန်းကို ထုတ်ဖို့ ဆယ်စုနှစ်တစ်ခုမက အချိန်ယူ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက Flexible Device မူပိုင်ခွင့်ကို တင်ခဲ့တာဖြစ်ပြီး အဆိုပါ မူပိုင်ခွင့် လျှောက်ထားသူတွေထဲမှာ အခုမှ CEO အဖြစ် တာဝန်ယူပြီး iPhone Duo ကို မိတ်ဆက်ပေးခဲ့သူ John Ternus ကိုယ်တိုင် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွေးညွတ်နိုင်တဲ့ Display နဲ့ Under-Display Camera/Fingerprint မူပိုင်ခွင့်တွေကိုလည်း ၂၀၁၁ ကတည်းက ယူထားခဲ့တာပါ။

Apple Pencil Support ပါဝင်လာတဲ့ ပထမဆုံး iPhone ဖြစ်ပေမဲ့ Apple Pencil (USB-C) တစ်ခုတည်းနဲ့ပဲ သုံးလို့ရမှာဖြစ်ပြီး အောက်တိုဘာမှာ ဖုန်းဝယ်ယူချိန်မှာလည်း ချက်ချင်း သုံးလို့ရဦးမှာ မဟုတ်ပါဘူး။ Software Update ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှ ပေးသွားမှာဖြစ်လို့ Pencil နဲ့ ပုံဆွဲဖို့ ရည်ရွယ်ထားရင်တော့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Charging ပိုင်းမှာတော့ မနှစ်က iPhone Air လိုမျိုး ဝိတ်လျော့ထားခြင်း မရှိဘဲ iPhone 18 Pro စီးရီးတွေလိုမျိုး 60W Charging ပါဝင်ကာ မိနစ် ၂၀ အတွင်း ၅၀ ရာခိုင်နှုန်း အားဝင်မှာ ဖြစ်ပါတယ်။ MagSafe နဲ့ဆိုရင်လည်း Qi2 25W အပြည့်ရမှာဖြစ်သလို USB-C Port ကလည်း USB 3 (10Gbps) Speed ထောက်ပံ့ပေးထားပါတယ်။

သတင်းတွေအရ ဒေါ်လာ ၁,၉၉၉ တန် iPhone Duo တစ်လုံး ရောင်းရတိုင်း Display Panel ဖန်တီးပေးတဲ့ Samsung Display ဘက်က ဒေါ်လာ ၂၅၀ ရရှိမှာဖြစ်ပြီး Apple ကလည်း လာမယ့် ၃ နှစ်စာအတွက် Display Panel တစ်ခုကို ဒေါ်လာ ၂၅၀ နှုန်းနဲ့ စာချုပ်ချုပ်ဆို ဝယ်ယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တရားဝင် မထွက်မီ Leak ပေါက်ကြားမှုတွေကနေတစ်ဆင့် တချို့သော ကုမ္ပဏီတွေက iPhone Duo ရဲ့ Passport Size Aspect Ratio အပါအဝင် ဒီဇိုင်းကို ခိုးယူ ပုံတူထုတ်ခဲ့တာကို သိရှိကြောင်း CEO John Ternus ကိုယ်တိုင် အတည်ပြုထားပေမဲ့ Nano-texture Display Coating နဲ့ Software Experience တွေကိုတော့ မပေါက်ကြားအောင် လျှို့ဝှက်နိုင်ခဲ့ပါတယ်။

Apple ဘက်က ဒီဖုန်းကို iPad ဒါမှမဟုတ် Mac တွေကို အစားထိုးဖို့ ရည်ရွယ်ထားတာ မဟုတ်ဘဲ Form Factor အသစ်မှာ သုံးရမယ့် User Experience အသစ်တစ်ခုအဖြစ်ပဲ ချည်းကပ်ထားတာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ 48MP Ultrawide Camera က iPhone 18 Pro နဲ့ တူညီပေမဲ့ 48MP Main Camera ကတော့ Sensor Size အရ iPhone 17e ရဲ့ Main Camera ကို အသုံးပြုထားတာဖြစ်လို့ Main Camera Quality ပိုင်းမှာ iPhone 17 Pro တို့ iPhone Air တို့နဲ့ယှဉ်ရင် အနည်းငယ် အားနည်းနိုင်ပါတယ်။

Counterpoint Research ရဲ့ ဖော်ပြချက်အရ Apple ဟာ ၂၀၃၀ ရောက်ရင် Foldable Display Panel ထုတ်လုပ်မှု အားလုံးရဲ့ ၄၂ ရာခိုင်နှုန်းအထိ ဝယ်ယူဖို့ ပြင်ဆင်ထားတာကြောင့် ခေါက်ဖုန်းဈေးကွက်ကို အပိုင်သိမ်းဖို့ ကြံရွယ်ထားတာ ထင်ရှားပါတယ်။

ဒေါ်လာ ၁,၉၉၉ ဆိုတဲ့ ဈေးနှုန်းဟာ Samsung Galaxy Z Fold8 ထက် ဒေါ်လာ ၁၀၀ ဝန်းကျင်ပဲ ကွာခြားတော့တာဖြစ်ပြီး တရုတ်ခေါက်ဖုန်းတွေက ကင်မရာနဲ့ Multitasking ပိုင်း ပိုသာနိုင်သေးသော်လည်း Apple ရဲ့ Software Experience နဲ့ Ecosystem အင်အားကြောင့် အောင်မြင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 


Latest