၂၅ နှစ်အကြာမှာ နန်းကျသွားတဲ့ ကိုရီးယားရဲ့ အင်ပါယာကြီးနဲ့ တစ်ကျော့ပြန် ဘုရင်သစ်
ဆယ်စုနှစ် နှစ်ခုကျော်တိုင်တိုင် တုန်လှုပ်Space မရှိ ကိုရီးယားရဲ့ နံပါတ်တစ် ရာဇပလ္လင်ကို အပိုင်စိုးထားခဲ့တဲ့ Samsung Electronics တစ်ယောက် အခုတော့ သူ့ရဲ့ သမိုင်းဝင် ထီးနန်းကို လက်လွှတ်လိုက်ရပြီး ဒုတိယနေရာကို ဖယ်ပေးလိုက်ရပြီ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၅ နှစ်ကြာအောင် စံချိန်တင် ကျောက်ထရံလို ခိုင်မာခဲ့တဲ့ Samsung ကို ကျော်တက်သွားတဲ့ သတင်းကတော့ တစ်ကမ္ဘာလုံးက စီးပွားရေးနဲ့ နည်းပညာလောကကို အုန်းအုန်းထကြွသွားစေခဲ့တာပါ။ Samsung ကို ဖြုတ်ချပြီး လက်ရှိ ကိုရီးယားရဲ့ တန်ဖိုးအကြီးဆုံး Chip ထုတ်လုပ်သူအဖြစ် သရဖူဆောင်းသွားတာကတော့ တခြားသူမဟုတ်ပါဘူး… SK Hynix ပဲ ဖြစ်ပါတယ်။
ဒီနှစ်ပိုင်းတွေအတွင်းမှာ SK Hynix ရဲ့ ရှယ်ယာတန်ဖိုးဟာ အံ့အားသင့်စရာကောင်းလောက်အောင် ၃၄၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့တာဖြစ်ပြီး Samsung ကတော့ ၂၀၀ ရာခိုင်နှုန်းအထိပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။ တကယ်တော့ ဒီကုမ္ပဏီနှစ်ခုရဲ့ သဘာဝက တခြားစီပါ။ Samsung ဆိုတာ စမတ်ဖုန်း၊ တီဗီကနေစလို့ အိမ်သုံးလျှပ်စစ်ပစ္စည်းမျိုးစုံအထိ အကုန်ထုတ်တဲ့ ဧရာမ ကမ္ဘာ့အင်ပါယာကြီးဖြစ်ပြီး၊ SK Hynix ကတော့ Chip နည်းပညာတစ်ခုတည်းကိုပဲ ဇောက်ချလုပ်ကိုင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၅ နှစ်လုံးလုံး တန်ဖိုးအကြီးဆုံးအဖြစ် ရပ်တည်ခဲ့တဲ့ Samsung တစ်ယောက် အခုတော့ နံပါတ် (၂) နေရာက အာဆင်နယ်လို ဖြစ်သွားခဲ့ရပါပြီ။
SK Hynix ကို အခုလို ရာဇဝင်တွင်အောင် အရှိန်အဟုန်နဲ့ တွန်းပို့ပေးလိုက်တဲ့ မရှိမဖြစ် အင်ဂျင်ကတော့ တခြားမဟုတ်ပါဘူး၊ အခုခေတ်စားနေတဲ့ AI လှိုင်းလုံးကြီးကြောင့်ပါပဲ။ AI နည်းပညာ စနစ်တွေမှာ မရှိမဖြစ် လိုအပ်တဲ့ အဆင့်မြင့် HBM (High-Bandwidth Memory) ချစ်ပ်ပြားတွေကို သူတို့က အဓိက ဦးဆောင်ထုတ်လုပ်ပေးနေတာ ဖြစ်ပြီး၊ လက်ရှိ AI လောကရဲ့ နတ်ဘုရားတွေဖြစ်တဲ့ Nvidia နဲ့ Google တို့ရဲ့ လက်တွဲဖော် အဓိက Supplier ကြီး ဖြစ်လာခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့ HBM ဈေးကွက်ရဲ့ အဓိက ပမာဏအများစု (၆၁ ရာခိုင်နှုန်းခန့်) ကို SK Hynix က အပြတ်အသတ် ကြီးစိုးထားတဲ့အချိန်မှာ၊ Samsung ကတော့ ထုတ်လုပ်မှု အောင်မြင်နှုန်း ပြဿနာတွေကြောင့် Nvidia ရဲ့ စမ်းသပ်ချက်တွေကို ဖြတ်ကျော်ဖို့ အချိန်တွေ ကြာမြင့်သွားခဲ့ရပြီး ဈေးကွက်ဝေစု အနည်းငယ် (၁၇ ရာခိုင်နှုန်းခန့်) မှာပဲ ကျန်ရစ်ခဲ့ရပါတယ်။
တကယ်တော့ လွန်ခဲ့တဲ့ ၂၄ နှစ်ဝန်းကျင် သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဒါဟာ တကယ့်ကို မယုံနိုင်စရာ ရုပ်ရှင်ဆန်တဲ့ အလှည့်အပြောင်းပါပဲ။ ထိုစဉ်က Hynix Semiconductor ဟာ အကြွေးတွေပိပြီး ဒေဝါလီခံရမယ့် အခြေအနေအထိ ရောက်ခဲ့ဖူးသလို၊ အမေရိကန်က Micron ကုမ္ပဏီဆီကို အောက်ဈေးနဲ့ ရောင်းချခံရလုနီးပါး ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ စိတ်ရှည်သည်းခံမှု၊ အမြော်အမြင်ရှိမှုတွေနဲ့အတူ Micron ရော၊ တန်ခိုးထွားလှပါတယ်ဆိုတဲ့ Samsung ကိုပါ ကျော်ဖြတ်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး Memory Chip ဘုရင်အဖြစ် သမိုင်းသစ် ရေးထိုးသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်ဗျာ။






