ခေါက်ဖုန်း ဈေးကွက်ထဲမှာ တရုတ်နိုင်ငံက မျက်နှာပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ပြင်းထန်တဲ့ ဖိအားကို ရင်ဆိုင်နေရတဲ့ Samsung ဟာ အခုအခါမှာတော့ နည်းပညာအသစ်ဖြစ်တဲ့ လိပ်လို့ရတဲ့ Rollable Screen ဈေးကွက်မှာ ဘုရင်ဖြစ်လာဖို့ အားထည့်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
ကိုရီးယားသတင်းရင်းမြစ်တွေရဲ့ အဆိုအရ Samsung Display ဟာ လိပ်လို့ရတဲ့ ဖုန်းမျက်နှာပြင်တွေကို Samsung Electronics ထံ ထောက်ပံ့ပေးဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး၊ အဆိုပါ ပထမဆုံး Rollable စမတ်ဖုန်းကို လာမယ့် ၂၀၂၈ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ မိတ်ဆက်ပေးနိုင်ဖို့ ရည်မှန်းထားကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကလည်း အတည်ပြုထားပါတယ်။ ထွက်ရှိလာမယ့် ဖုန်းရဲ့အမည်ကိုတော့ Galaxy Z Slide ဒါမှမဟုတ် Galaxy Z Roll လို့ အမည်ပေးဖို့ ရှိနေပြီး၊ စျေးကွက်သုတေသနပြုချက်များအရ ပစ်ဆယ်သိပ်သည်းဆ အထူးကောင်းမွန်တဲ့ ၁၀ လက်မအရွယ် စခရင်ကြီး ပါဝင်လာဖွယ် ရှိနေတဲ့အပြင် ၂၀၃၀ ပြည့်နှစ်မှာလည်း နောက်ဆက်တွဲ မော်ဒယ်အသစ်ကို ထပ်မံချပြသွားဖို့အထိ စီမံကိန်းချထားပါတယ်။
တကယ်တော့ လိပ်လို့ရတဲ့ စခရင်တွေဟာ တည်ဆောက်ပုံအရ ခေါက်ဖုန်းတွေထက် ပိုမိုရှုပ်ထွေးပြီး ထုတ်လုပ်ဖို့ ခက်ခဲတာ အမှန်ပဲဖြစ်ပါတယ်။
ဒါပေမဲ့လည်း Samsung ဟာ ဒီနည်းပညာကို နှစ်အတော်ကြာ ပြင်ဆင်လာခဲ့တာဖြစ်ပြီး ရှေ့ပြေးပုံစံတွေကို ပြသခဲ့ဖူးသလို Lenovo ရဲ့ Rollable Laptop တွေအတွက်ပါ စခရင်တွေ ထောက်ပံ့ပေးနေခဲ့တာပါ။
ယခုနှစ်ပထမသုံးလပတ် ခေါက်ဖုန်းဈေးကွက်မှာ တရုတ် BOE ကုမ္ပဏီက Samsung ကို ကျော်တက်ပြီး အမီလိုက်နိုင်ခဲ့ပေမယ့်၊ လိပ်လို့ရတဲ့ နည်းပညာပိုင်းမှာတော့ Samsung က အပြတ်အသတ် သာလွန်နေတာကြောင့် အနာဂတ် Rollable စမတ်ဖုန်းဈေးကွက်တစ်ခုလုံးကို Samsung ကပဲ အစောပိုင်းနှစ်တွေမှာ အပိုင်စီးထားနိုင်မယ့် အခွင့်အရေး ကောင်းကောင်းရှိနေပါတယ်နော်။






