ပရီမီယမ် ခေါက်ဖုန်းလောကမှာ ဈေးအကြီးဆုံးက iPhone လို့ ထင်ထားရင်တော့ မှားသွားပါလိမ့်မယ်။ Huawei က အသစ်စက်စက် မိတ်ဆက်လိုက်တဲ့ သုံးခေါက်ချိုး (Tri-fold) ဖုန်း Mate XT2 ဟာ တရုတ်ပြည်တွင်းမှာ စတင်ရောင်းချကတည်းက ဒေါ်လာ ၂,၀၀၀ နီးပါးတန်တဲ့ iPhone Duo ထက် ၅၀ ရာခိုင်နှုန်းမက ဈေးပိုကြီးနေတာပါ။ တရုတ်မှာတင် RAM 16GB နဲ့ 256GB Base မော်ဒယ်ကို ဒေါ်လာ ၃,၀၀၀ နီးပါး ရောင်းဈေးသတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ Privacy Display စနစ်ပါတဲ့ 1TB ဗားရှင်းဆိုရင် ဒေါ်လာ ၃,၇၀၀ ကျော်အထိ ရှိသွားသလို၊ Stylus ပင်ပါဝင်တဲ့ 2TB မော်ဒယ်ဆိုရင်တော့ ယွမ် သုံးသောင်း (ဒေါ်လာ ၄,၂၀၀ ကျော်) အထိ ဈေးပေါက်နေတာပါ။ နဂိုကတည်းက တရားဝင်ဈေး မြင့်လွန်းတဲ့ ဒီဖုန်းဟာ တရုတ်ပြည်ပ အပြင် Grey Market တွေမှာဆိုရင်တော့ မတန်တဆ ဈေးပိုမြောက်သွားတာကို တွေ့ရပါတယ်။ ဟောင်ကောင်နဲ့ ယူအေအီး၊ ယူကေစတဲ့ နိုင်ငံတွေက လက်လီဆိုင်တွေမှာဆိုရင် အနိမ့်ဆုံး မော်ဒယ်ကိုတင် ဒေါ်လာ ၄,၂၀၀ ကနေ ၄,၅၀၀ အထိ ရောင်းချနေကြတာပါ။
512GB မော်ဒယ်နဲ့ 1TB မော်ဒယ်တွေဆိုရင်လည်း ဗားရှင်းအလိုက် ပေါင် ၄,၀၀၀ ကနေ ပေါင် ၅,၀၀၀ (ဒေါ်လာ ၆,၅၀၀ ခန့်) အထိ ဈေးပေါက်နေပြီး 2TB မော်ဒယ်ကိုတော့ ဈေးကွက်ထဲ အလွယ်တကူ ရှာမတွေ့နိုင်သေးပါဘူး။
ဒီ Huawei Mate XT2 ကို အပြင် ဈေးကွက်ကနေ ဝယ်ယူသုံးစွဲဖို့ စဉ်းစားနေရင်တော့ အတော်လေး စွန့်စားရာ ကျပါလိမ့်မယ်။ eSIM စနစ်၊ Android Auto နဲ့ Wear OS support တွေ မပါဝင်သလို Google Mobile Services ကိုလည်း တိုက်ရိုက် သုံးလို့မရတာကြောင့် Play Store အတွက် microG လိုမျိုး ကြားခံ ဝန်ဆောင်မှုတွေကို အားကိုးရမှာပါ။ ဒါ့အပြင် အာမခံ (Warranty) နဲ့ ခဲယဉ်းတဲ့ ပြုပြင်ထိန်းသိမ်းမှု ကိစ္စတွေကလည်း ခေါင်းကိုက်ရမှာ သေချာပါတယ်။ နောက်ပိုင်းမှ Global မှာ တရားဝင် မိတ်ဆက်လာခဲ့ရင်တောင် အာမခံ စိတ်ချရရုံပဲရှိမှာ ဖြစ်ပြီး ရောင်းဈေးကတော့ တရုတ်ပြည်တွင်း ဗားရှင်းထက် အများကြီး ပိုမို မြင့်မားလာဦးမှာ ဖြစ်ပါတယ်။






