ဘက်ထရီအားနဲ့ ကြည့်ရှုနိုင်မယ့် Samsung ရဲ့ ခရီးဆောင် Smart TV အသစ်

ဘက်ထရီအားနဲ့ ကြည့်ရှုနိုင်မယ့် Samsung ရဲ့ ခရီးဆောင် Smart TV အသစ်

အခန်းတစ်ခန်းတည်းမှာ TV ကို အသေထားပြီး ကြည့်ရတာကို ငြီးငွေ့နေပြီလား? ဧည့်ခန်း၊ မီးဖိုချောင်၊ သို့မဟုတ် အိပ်ခန်းအထိ ကိုယ်သွားတဲ့နေရာတိုင်း TV ကို သယ်သွားနိုင်ရင် ဘယ်လောက်ကောင်းမလဲ။ သင့်ရဲ့ ဒီလိုဆန္ဒကို Samsung က IFA 2025 ပွဲမှာ မိတ်ဆက်လိုက်တဲ့ Moving Style TV အသစ်နဲ့ အကောင်အထည်ဖော် ပေးလိုက်ပါပြီ။

ဒီ Smart TV ရဲ့ အဓိက အားသာချက်ကတော့ သယ်ဆောင်ရ လွယ်ကူခြင်းပဲ ဖြစ်ပါတယ်။

တစ်ကြိမ် အားသွင်းထားရုံဖြင့် (၃) နာရီခန့် ကြာအောင် ကြည့်ရှုနိုင်တဲ့ ဘက်ထရီ စနစ်ပါဝင်ပါတယ်။

ဒါ့အပြင် ဖြုတ်တပ်နိုင်တဲ့ ဘီးပါ stand ကြောင့် အိမ်ထဲမှာ ကလေးကစားစရာ အရုပ်လေးတစ်ခုလိုမျိုး အလွယ်တကူ ဆွဲယူသွားနိုင်ပါတယ်။ ဒါ့အပြင် kickstand အဖြစ်ပါ အသုံးပြုနိုင်တဲ့ လက်ကိုင် ပါရှိတာကြောင့် မျက်နှာပြင်ညီ တစ်ခုခုပေါ်မှာ အဆင်ပြေသလို ထောင်ထားလိုက်ရုံပါပဲ။

ရုပ်ထွက်အရည်အသွေးပိုင်းမှာလည်း ဒီ TV က နောက်ကျကျန်နေရစ်ခြင်း မရှိပါဘူး။

၂၇ လက်မ အရွယ်ရှိတဲ့ QHD (2560×1440) Touchscreen ကို အသုံးပြုထားပါတယ်။

120 Hz refresh rate နဲ့ HDR10+ ကို ပံ့ပိုးပေးနိုင်တာကြောင့် ရုပ်ရှင်ကြည့်သည်ဖြစ်စေ၊ ဂိမ်းကစားသည်ဖြစ်စေ ကြည်လင်ပြတ်သားပြီး အရောင်အသွေး စိုပြည်တဲ့ ရုပ်ထွက်ကို ခံစားရမှာပါ။

Samsung ရဲ့ AI နည်းပညာများက ရုပ်ထွက်ကို အလိုအလျောက် ပိုကောင်းအောင် မြှင့်တင်ပေးနိုင်မယ့် စွမ်းရည်လည်း ပါဝင်ပါတယ်။

ဒီလို ဆန်းသစ်တဲ့ TV ကို ပိုင်ဆိုင်ဖို့ လက်ရှိအချိန်မှာ တောင်ကိုရီးယားနိုင်ငံမှာ ဝမ် ၁.၄၄ သန်း (အမေရိကန်ဒေါ်လာ ၁,၀၀၀ ခန့်) ဖြင့် ရောင်းချနေပြီ ဖြစ်ပါတယ်။

တခြားနိုင်ငံတွေဆီ ဘယ်အချိန် ဖြန့်ချိမလဲဆိုတာကိုတော့ Samsung က တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။


Latest