part 2 / Jeju ကျွန်းက ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာများ

ရှေ့ရက်က Jeju ကျွန်းက ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာတွေထဲက Dongmun ရိုးရာဈေး၊ Jungjeong-lo၊ Seogwipo Maeil Olle စျေး၊ Jeju Folk 5-Day Market တို့ကို ဖော်ပြခဲ့ပါတယ်။ ဒီနေ့မှာလဲ ကျန်နေသေးတဲ့ Jeju ကျွန်းက ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာတွေကို ဖော်ပြလိုက်ပါတယ်။

5.Bellongjang ဈေး

Bellongjang စျေးကတော့ လတစ်လရဲ့ စနေနေ့တွေမှာသာ ဖွင့်လှစ်တဲ့ Jeju ကျွန်းပေါ်ရှိ အသားငါးဈေး ဖြစ်ပါတယ်။ Sehwa ကမ်းခြေ၊ Darangsi Oreum တို့နဲ့ နီးတဲ့ Sehwa-ri လို့ခေါ်တဲ့ မြို့ငယ်လေးမှာ တည်ရှိပါတယ်။ ဒီဈေးမှာ မကြာခဏဆိုသလို ဒေသခံတွေ၊ ခရီးသွားတွေနဲ့ စည်ကားလျက်ရှိပြီး လက်လုပ်ပစ္စည်းတွေ၊ အမှတ်တရပစ္စည်းတွေကို လာရောက်ဝယ်ယူလေ့ ရှိပါတယ်။ Belongjang စျေးက‌တော့ ပုံမှန် နံနက် ၁၁ နာရီမှာ ဖွင့်လှစ်လေ့ရှိပေမယ့် ရာသီဥတု အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

တည်နေရာ- Sehwa Pogu (Sehwa Port)၊ Gujwa-eup Jeju-si၊ Jeju-do၊

ဖွင့်ချိန်- စနေနေ့ နံနက် 11 နာရီမှ 1 နာရီအထိ (အချိန်အပြောင်းအလဲရှိနိုင်ပါတယ်)

6.Jungang Underground Shopping Center

Jungang မြေအောက် ဈေးဝယ်စင်တာကတော့ Jeju ရဲ့ တစ်ခုတည်းသော မြေအောက် ဈေးဝယ်စင်တာ အမျိုးအစားဖြစ်ပြီး Jeju မြို့လယ်ခေါင် Gwandeokjeong ကနေ Sanjicheon အထိ ရှိပါတယ်။ Jeju မှာ နေထိုင်သူတွေအတွက် သာမက ခရီးသွားတွေအတွက်လဲ လူကြိုက်များတဲ့ စျေးဝယ်ရာ နေရာတစ်ခုဖြစ်ပြီး အနားယူတွေ့ဆုံလို့ ကောင်းတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ စုစုပေါင်း ဧရိယာ စတုရန်းမီတာ ၁၀၀၀၀ ခန့် ကျယ်ဝန်းပြီး အဝတ်အစား၊ အသုံးအဆောင်တွေ၊ အလှကုန်တွေ၊ ဖိနပ်နဲ့ အဆာပြေသရေစာတွေကို ရောင်းချပေးနေတဲ့ စတိုးဆိုင်ပေါင်း ၃၈၀ ခန့် ရှိပါတယ်။

တည်နေရာ- 1425-3 Ildoil-dong၊ Jeju-si၊ Jeju-do၊

ဆိုင်ဖွင့်ချိန်- နေ့စဉ် နံနက် ၁၀ နာရီမှ ည ၉း၃၀ နာရီအထိ

7.JeJu Chilsung-ro Shopping Street

ဒီလမ်းကတော့ Dongmun စျေးနဲ့ Jungang Underground Shopping Mall တို့နဲ့လဲ ကပ်လျက်တည်ရှိတာကြောင့် စျေးဝယ်လို့ ကောင်းတဲ့ လမ်းတစ်လမ်း ဖြစ်ပါတယ်။ Chilsung-ro လမ်းမှာဆိုရင် နာမည်ကြီး အမှတ်တံဆိပ် အဝတ်အစား စတိုးဆိုင်တွေ၊ ထူးထူးခြားခြား ပစ္စည်းတွေရနိုင်တဲ့ ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေလဲ ရှိတာကြောင့် ဒေသခံလူငယ် တော်တော်များများက သဘောကျကြပါတယ်။ Jeju ရဲ့ လူစည်ကားပြီး ကားအသွားအလာ မရှိတဲ့ ဒီလမ်းပေါ်မှာ သက်တောင့်သက်သာနဲ့ ဈေးဝယ်နိုင်ပြီး လှပတဲ့ ပန်းပုရုပ်တုတွေနဲ့လဲ ဓာတ်ပုံကောင်းကောင်း ရိုက်ယူနိုင်ပါသေးတယ်။

တည်နေရာ- Jungang-ro 5-gil၊ Ildoil-dong၊ Jeju-si၊ Jeju-do၊

8.Tap-dong Street

Jeju မြို့လယ်ရှိ Tap-dong လမ်းကတော့ ညဘက် ဈေးဝယ်ထွက်ခြင်းနဲ့ အပန်းဖြေလျှောက်လည်ခြင်းတို့ကို ခံစားနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒီလမ်းမှာ ဒေသတွင်း လက်မှုပညာ၊ ဖက်ရှင်နဲ့ အလှကုန်ပစ္စည်းတွေကို ရောင်းချပေးနေတဲ့ အရောင်းဆိုင်ကြီးတွေလဲ ရှိပါတယ်။ ညဘက်မှာဆိုရင် စားသောက်ဆိုင်အများအပြားမှာ ညစာစားကြပြီး၊ အရက်သောက်ကြနဲ့ ပျော်ပျော်ပါးပါး အပန်းဖြေနေတဲ့ ဒေသခံတွေကို မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် ညဘက် အပြင်ထွက်ရတာ ကြိုက်တဲ့သူတွေအတွက် အပန်းဖြေလည်ပတ်ကြည့်ရှုလို့ ကောင်းတဲ့အပြင် စျေးပါဝယ်လို့ရတဲ့ ညစျေးတစ်ခုဘဲ ဖြစ်ပါတယ်။

တည်နေရာ- 12-16 Samdoi-dong Jeju-do၊

#jeju #shopping #markets #myangoal #korea #Myanmar #


Latest