၂၀၂၆ မှာ iPhone 18 ထွက်မှာမဟုတ်ဘူးလို့သိရ

၂၀၂၆ မှာ iPhone 18 ထွက်မှာမဟုတ်ဘူးလို့သိရ

Apple ရဲ့ iPhone ထုတ်လုပ်မှု အစီအစဉ်တွေဟာ မကြာမီပြောင်းလဲတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဓိက သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ်ရဲ့ စက်တင်ဘာလမှာ ရိုးရိုး iPhone 18 မော်ဒယ်တွေ ထွက်ရှိလာမှာမဟုတ်ဘဲ ပထမဆုံးအကြိမ်အဖြစ် ရွှေ့ဆိုင်းသွားနိုင်တယ်လို့ ဆိုပါတယ်။

Apple ရဲ့ ပုံမှန် iPhone ထုတ်လုပ်မှုအချိန်ဇယားဟာ စက်တင်ဘာလမှာ flagship မော်ဒယ်တွေအားလုံးကို တစ်ပြိုင်တည်း မိတ်ဆက်လေ့ရှိပါတယ်။ ဒါပေမဲ့ ၂၀၂၆ ခုနှစ်ကစပြီး ဒီပုံစံကို ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဓိကအချက်ကတော့ Apple ရဲ့ ပထမဆုံး ခေါက်နိုင်တဲ့ iPhone (iPhone Fold) ထွက်ရှိလာမယ့်ကြောင့် ဖြစ်ပါတယ်။

ဒီလိုမျိုး အချိန်ဇယားကို ပြောင်းလဲရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုကတော့ စျေးကွက်ကို အလှည့်ကျ ဦးစားပေးချင်တဲ့ Apple ရဲ့ စီမံကိန်းဖြစ်ပါတယ်။ ပထမပိုင်းမှာ စျေးကြီးတဲ့ Pro နဲ့ Foldable မော်ဒယ်တွေကို ထုတ်ပြီးနောက်ပိုင်းမှ စျေးသက်သာတဲ့ မော်ဒယ်တွေကို ထုတ်လုပ်ခြင်းဖြင့် စျေးကွက်ရဲ့ ဝယ်လိုအားကို တစ်နှစ်ပတ်လုံး ထိန်းချုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် iPhone Fold ကို ပထမဆုံးမိတ်ဆက်တဲ့အချိန်မှာ အာရုံစိုက်မှု အပြည့်အဝရရှိစေဖို့လည်း ရည်ရွယ်ပုံရပါတယ်။

ဒီအပြောင်းအလဲဟာ ၂၀၀၇ ခုနှစ်ကတည်းက iPhone စတင်ထွက်ရှိခဲ့ချိန်ကနေ ပထမဆုံးအကြိမ် အချိန်ဇယားအကြီးအကျယ် ပြောင်းလဲမှုတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။


Latest