Your cart is currently empty!

ရုပ်ရှင်ဆန်ဆန် ဓားပြတိုက်မှု- Samsung ရဲ့ ဒေါ်လာ ၁၀ သန်းကျော်တန် ခေါက်ဖုန်းများ လန်ဒန်တွင် အခိုးခံရ
ရုပ်ရှင်ဆန်ဆန် ဓားပြတိုက်မှု- Samsung ရဲ့ ဒေါ်လာ ၁၀ သန်းကျော်တန် ခေါက်ဖုန်းများ လန်ဒန်တွင် အခိုးခံရ
လန်ဒန်မြို့ကြီးမှာတော့ ရုပ်ရှင်ဇာတ်ကားတွေထဲကလို ဓားပြတိုက်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ ဈေးကွက်ထဲကို မရောက်သေးတဲ့ Samsung ရဲ့ နောက်ဆုံးပေါ် ခေါက်ဖုန်းအသစ်စက်စက် အလုံးရေ ၁၂,၀၀၀ ပါဝင်တဲ့ ကုန်တင်ကားတစ်စီးလုံး လုယက်ခံရပြီး ပျောက်ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ လန်ဒန်မြို့၊ Heathrow အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ဓားပြတွေက အခုမှထွက်ရှိလာတဲ့ Galaxy Z Fold 7 နဲ့ Galaxy Z Flip 7 ဖုန်းအသစ်တွေကို ပစ်မှတ်ထားခဲ့တာပါ။ ဒီဖုန်းတွေဟာ တစ်လုံးကို ပေါင် ၁,၈၀၀ နီးပါး တန်ဖိုးရှိတာကြောင့် အခိုးခံရတဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၀.၆ သန်း (ပေါင် ၈.၃ သန်းကျော်) အထိရှိပြီး Samsung အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။
အခုအခါမှာတော့ Samsung နဲ့ ဓားပြတွေကြားက နည်းပညာစစ်ပွဲတစ်ခု စတင်နေပြီလို့ ဆိုရမှာပါ။ Samsung ဘက်က အခိုးခံရတဲ့ ဖုန်းတိုင်းရဲ့ IMEI နံပါတ်တွေကို သုံးပြီး အင်တာနက်ချိတ်ဆက်တာနဲ့ သုံးမရအောင် Blacklist လုပ်သွားမှာ သေချာပါတယ်။ ဒါဆိုရင် ဒေါ်လာသန်းချီတန်တဲ့ ဖုန်းတွေဟာ ဘယ်ဈေးကွက်မှာမှ ပြန်ရောင်းလို့မရတော့ဘဲ သာမန်သံတုံးတွေအဖြစ် ပြောင်းလဲသွားမှာပါ။
ဒီဖြစ်ရပ်ကြောင့် ယူကေနိုင်ငံမှာ Samsung ရဲ့ ခေါက်ဖုန်းအသစ်ကို စောင့်မျှော်နေတဲ့ သုံးစွဲသူတွေအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဈေးကွက်ထဲဖြန့်ဖို့ ပြင်ဆင်ထားတဲ့ ဖုန်းတွေ အများအပြား ပါသွားတာကြောင့် ပစ္စည်းပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။
လောလောဆယ်မှာတော့ ဗြိတိန်ရဲတပ်ဖွဲ့က ဒီခိုးမှုကို အကြီးအကျယ် စုံစမ်းစစ်ဆေးနေပြီး၊ ဒီရုပ်ရှင်ဆန်တဲ့ ဓားပြမှုကြီးရဲ့ နောက်ကွယ်က တရားခံတွေကို ဘယ်အချိန်မှာ ဖော်ထုတ်နိုင်မလဲဆိုတာကို ကမ္ဘာတစ်ဝန်းက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်လို့ ဖော်ပြပေးလိုက်ရပါတယ်။





