၇ နှစ်ကြာ စောင့်စားခဲ့ရတဲ့ Apple ရဲ့ ခေါက်ဖုန်း ထွက်တော့မှာလား
လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ Apple ရဲ့ ပထမဆုံးသော ခေါက်ဖုန်းဖြစ်လာမယ့် iPhone Fold (ဒါမှမဟုတ်) Ultra ဟာ ထွက်ရှိလာဖို့ ရာခိုင်နှုန်းအတော်လေး များနေပြီဖြစ်ပြီး စျေးကွက်ထဲက တခြားသော ခေါက်ဖုန်းတွေနဲ့ မတူညီတဲ့ ထူးခြားချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်။
အထူးသဖြင့် Samsung ရဲ့ Galaxy Z Fold စီးရီးတွေလိုမျိုး ပိန်ရှည်ရှည်ပုံစံမဟုတ်ဘဲ OPPO Find N စီးရီးတွေမှာ တွေ့ရလေ့ရှိတဲ့ ဘေးတိုက်ကျယ်ပြန့်တဲ့ “ပုတိုတို” ပုံစံမျိုးကို Apple က အသုံးပြုလာဖို့ ရှိနေပါတယ်။
ဒီလို Aspect Ratio မျိုးကို ပြောင်းလဲလိုက်ခြင်းအားဖြင့် ခေါက်ဖုန်းတွေမှာ အမြဲကြုံတွေ့ရလေ့ရှိတဲ့ ဗီဒီယိုကြည့်တဲ့အခါ အပေါ်အောက် Black Bar တွေ အကြီးကြီးပေါ်နေတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်သလို၊ ဖုန်းကို ဖြန့်လိုက်တာနဲ့ iPad Mini ရဲ့ Display Size နီးပါးရှိတဲ့ 4:3 Aspect Ratio ခံစားချက်မျိုးကိုပါ ရရှိစေမှာပါ။ ဒါဟာ သုံးစွဲသူတွေအတွက် ပိုမိုသဘာဝကျတဲ့ Viewing Experience ကို ပေးစွမ်းနိုင်မှာဖြစ်လို့ iPhone Fold ဟာ Apple အတွက်တော့ စံချိန်သစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒီဖုန်းရဲ့ နောက်ထပ်ထူးခြားချက်ကတော့ အထူနဲ့ အပါး စံချိန်တင်နိုင်မှုပဲ ဖြစ်ပါတယ်။ ခေါက်ထားတဲ့အချိန်မှာ 9.2mm အထိ ရှိနိုင်တာကြောင့် လက်ရှိ iPhone တွေထဲမှာ အထူဆုံးဖြစ်လာနိုင်ပေမဲ့၊ ပြန်ဖြန့်လိုက်တဲ့အချိန်မှာတော့ 4.7mm သာ ရှိတော့မှာဖြစ်လို့ Apple ရဲ့ အပါးလွှာဆုံး Device တစ်ခုအဖြစ် မှတ်တမ်းဝင်မှာပါ။ ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုအနေနဲ့ FaceID စနစ်ကို ခေါက်ဖုန်းဒီဇိုင်းမှာ ထည့်သွင်းဖို့ ခက်ခဲနေတာကြောင့် Power Button မှာ Fingerprint Sensor ထည့်သွင်းထားတဲ့ TouchID စနစ်ကိုပဲ ပြန်လည်မြင်တွေ့ရဖို့ ရှိနေပါတယ်။
ခေါက်ဖုန်းလောကထဲကို ၇ နှစ်လောက် နောက်ကျမှ ဝင်ရောက်လာတဲ့ Apple အနေနဲ့ ဒီတစ်ခေါက်မှာရော စျေးကွက်ကို အံ့အားသင့်အောင် လုပ်ပြနိုင်မလားဆိုတာကတော့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။






