AI ရဲ့ ဆိုးကျိုးတွေအတွက် အစိုးရတွေ အမြန်ဆုံး ပြင်ဆင်ကြဖို့ Bill Gates သတိပေးလိုက်ပြီ!

AI နည်းပညာတွေ ဒီလောက် အရှိန်အဟုန်နဲ့ တိုးတက်နေတာကို ကမ္ဘာတစ်ဝန်းက အစိုးရတွေဘက်က အမီမလိုက်နိုင်ဘဲ ပြင်ဆင်မှု အတော်လေး အားနည်းနေသေးတယ်လို့ Microsoft ပူးတွဲတည်ထောင်သူ Bill Gates က သတိပေးလိုက်ပါတယ်။

Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ အစိုးရတွေဟာ AI ရဲ့ နောက်မှာ အများကြီး ကျန်ရစ်နေသေးပြီး AI ကြောင့် ဖြစ်လာနိုင်တဲ့ အလုပ်အကိုင် ပျောက်ဆုံးမှုတွေ၊ ဆိုက်ဘာလုံခြုံရေး (Cybersecurity) အန္တရာယ်တွေနဲ့ ပတ်သက်လို့ ဒီထက်မက ပိုပြီး စနစ်တကျ လုပ်ဆောင်ဖို့ လိုနေပြီလို့ ပွင့်ပွင့်လင်းလင်း ပြောသွားတာပါ။

Gates Foundation ရဲ့ ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု

ဒီလို ဆိုးကျိုးတွေကို သတိပေးတာတင် မဟုတ်ဘဲ ဘီလ်ဂိတ်ဟာ AI ကို ကောင်းမွန်တဲ့ နေရာတွေမှာ အသုံးချနိုင်ဖို့ Gates Foundation ကနေ လာမယ့် ၂ နှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဘယ်သူတွေ အကျိုးခံစားရမလဲ

နည်းပညာ အလှမ်းဝေးနေတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ကျန်းမာရေး ဝန်ထမ်းတွေ၊ ဆရာ/မ တွေနဲ့ တောင်သူလယ်သမားတွေအတွက် AI Tools တွေ ထောက်ပံ့ပေးသွားမှာပါ။

ဘာသာစကား ပံ့ပိုးမှု

ဒေသခံ ဘာသာစကား အမျိုးမျိုးနဲ့ပါ ပိုမို စုံလင်စွာ အသုံးပြုနိုင်အောင် ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ဘီလ်ဂိတ်က AI ဖွံ့ဖြိုးတိုးတက်မှုကို လုံးဝ ရပ်တန့်ပစ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ အစိုးရတွေဘက်က နည်းပညာနဲ့ အမီလိုက်နိုင်အောင် လုပ်ပြီး ကောင်းကျိုးရော ဆိုးကျိုးပါ နှစ်ဖက်လုံးအတွက် ကြိုတင် ပြင်ဆင်ထားဖို့ပဲ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

ဒီကိစ္စအတွက် ဘီလ်ဂိတ်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးနေတာဖြစ်ပြီး အမေရိကန် သမ္မတ Donald Trump နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို တရုတ်သမ္မတ Xi Jinping နဲ့လည်း ဆက်လက် တွေ့ဆုံသွားဖို့ အစီအစဉ် ရှိနေပါတယ်။

နည်းပညာတွေ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတဲ့ အချိန်မှာ အစိုးရတွေ အနေနဲ့ AI စည်းမျဉ်း/ဥပဒေတွေ၊ ပြင်ဆင်မှုတွေကို ထိထိရောက်ရောက် မလုပ်နိုင်ရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ကြုံရနိုင်တာမို့ ဘီလ်ဂိတ်ရဲ့ ဒီသတိပေးချက်ကတော့ တကယ်ကို သတိထားစရာ ဖြစ်လာခဲ့ပါတယ်။


Latest