Apple CEO Tim Cook ရာထူးမှ နုတ်ထွက်မည်၊ John Ternus ဆက်ခံမည်
Apple ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Tim Cook ဟာ ရာထူးကနေ နုတ်ထွက်တော့မှာဖြစ်ပြီး၊ သူရဲနေရာမှာ Hardware Engineering ပိုင်းဆိုင်ရာ အကြီးအကဲ John Ternus က ဆက်ခံသွားမယ်လို့ Apple က ဒီနေ့မှာပဲ ကြေညာလိုက်ပါတယ်။
Tim Cook ဟာ အခုလာမယ့် နွေရာသီကာလတစ်လျှောက် CEO အဖြစ် ဆက်လက် တာဝန်ယူသွားမှာဖြစ်ပြီး၊ John Ternus ကတော့ Apple ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်လာကာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ CEO ရာထူးကို စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။ Tim Cook ဟာ အမှုဆောင်ဥက္ကဋ္ဌ (Executive Chairman) အဖြစ် ပြောင်းလဲတာဝန်ယူသွားမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ မူဝါဒချမှတ်သူတွေနဲ့ ဆက်ဆံရေးကိစ္စရပ်တွေ အပါအဝင် ကုမ္ပဏီရဲ့ အချို့သော ကဏ္ဍတွေမှာ ဆက်လက်ကူညီပေးသွားမှာပါ။
Tim Cook က သူရဲ့ထုတ်ပြန်ချက်မှာ Apple ရဲ့ CEO အဖြစ် တာဝန်ယူခဲ့ရတဲ့ အချိန်တွေဟာ သူ့ဘဝရဲ့ “အကြီးမားဆုံးသော ဂုဏ်ယူမှု” ဖြစ်တယ်လို့ ဆိုပါတယ်။
“Apple ရဲ့ CEO အဖြစ် တာဝန်ယူရတာ၊ ဒီလို ထူးခြားပြောင်မြောက်တဲ့ ကုမ္ပဏီကြီးကို ဦးဆောင်ခွင့်ရတာဟာ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးသော ဂုဏ်ယူမှုပါပဲ။ ကျွန်တော် Apple ကို အကြွင်းမဲ့ ချစ်မြတ်နိုးသလို၊ ကမ္ဘာပေါ်မှာ အကောင်းဆုံး ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ဖန်တီးပေးနေတဲ့ တီထွင်ဆန်းသစ်ပြီး ဂရုတစိုက်ရှိတဲ့ ဒီအဖွဲ့သားတွေနဲ့ အတူတူ အလုပ်လုပ်ခွင့်ရခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ်။ John Ternus ဟာ အင်ဂျင်နီယာတစ်ယောက်ရဲ့ စဉ်းစားတွေးခေါ်မှု၊ တီထွင်သူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်နဲ့ ဂုဏ်သိက္ခာရှိရှိ ဦးဆောင်နိုင်မယ့် နှလုံးသားပိုင်ရှင် ဖြစ်ပါတယ်။ သူဟာ မျှော်မှန်းချက်ကြီးမားသူဖြစ်ပြီး Apple မှာ ၂၅ နှစ်ကြာ သူစွမ်းဆောင်ခဲ့တာတွေက ရေတွက်လို့တောင် မရနိုင်ပါဘူး။ သူဟာ Apple ကို အနာဂတ်ဆီ ဦးဆောင်ခေါ်သွားဖို့ အသင့်တော်ဆုံးသူဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။”
John Ternus ကလည်း Apple ရဲ့ အနာဂတ်အပေါ်မှာ အကောင်းမြင်မျှော်လင့်ချက်တွေ ရှိနေကြောင်း အခုလို ပြောကြားခဲ့ပါတယ် –
“Apple ရဲ့ ရည်မှန်းချက်တွေကို ရှေ့ဆက်သယ်ဆောင်သွားဖို့ အခုလို အခွင့်အရေးရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ လုပ်သက်တစ်လျှောက်လုံးနီးပါးကို Apple မှာပဲ ကုန်ဆုံးခဲ့ပြီး Steve Jobs ရဲ့ လက်အောက်မှာ အလုပ်လုပ်ခွင့်ရခဲ့သလို Tim Cook ကလည်း ကျွန်တော့်ရဲ့ လမ်းပြသူ (Mentor) ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ အပြန်အလှန် ဆက်သွယ်ပုံတွေကို ပြောင်းလဲပေးခဲ့တဲ့ ထုတ်ကုန်တွေ ဖန်တီးရာမှာ ပါဝင်ခွင့်ရခဲ့တာဟာ ဂုဏ်ယူစရာပါပဲ။ ရှေ့လာမယ့် နှစ်တွေမှာ ကျွန်တော်တို့ ဘာတွေ ထပ်မံစွမ်းဆောင်နိုင်မလဲဆိုတာကို အလွန်ပဲ စိတ်လှုပ်ရှားမိသလို၊ ကမ္ဘာပေါ်မှာ အတော်ဆုံးသူတွေဟာ Apple မှာ ရှိနေကြတာကိုလည်း ဝမ်းသာမိပါတယ်။ ဒီတာဝန်ကို နှိမ့်ချစွာနဲ့ လက်ခံယူပြီး ဒီကုမ္ပဏီရဲ့ တန်ဖိုးထားမှုတွေ၊ မျှော်မှန်းချက်တွေအတိုင်း ဦးဆောင်သွားမယ်လို့ ကတိပြုပါတယ်။”
Apple ရဲ့ အဆိုအရ ဒီရာထူးအပြောင်းအလဲကို ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုခဲ့တာဖြစ်ပြီး ဒါဟာ သေချာစွာ ကြိုတင်ပြင်ဆင်ထားတဲ့ ရေရှည်စီမံကိန်းရဲ့ ရလဒ်ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Arthur Levinson ကတော့ ဘုတ်အဖွဲ့ရဲ့ ဦးဆောင် လွတ်လပ်သော ဒါရိုက်တာ (Lead Independent Director) အဖြစ် ပြောင်းလဲတာဝန်ယူသွားမှာ ဖြစ်ပါတယ်။






