Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်

Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်

စမတ်ဖုန်းတွေကို လက်ကနေ ကိုင်သုံးနေရတဲ့ ခေတ်ကနေ မျက်မှန်တစ်လက်တပ်ရုံနဲ့တင် အရာရာကို လုပ်ဆောင်နိုင်မယ့် နည်းပညာအနာဂတ်ဆီကို Google က ခြေလှမ်းပြင်လို့ လာပါပြီ။ လက်ရှိမှာ Google အနေနဲ့ သူတို့ရဲ့ ခေတ်ရှေ့ပြေး Gemini AI စနစ်ကို ထည့်သွင်းထားတဲ့ စမတ်မျက်မှန်အသစ်တွေကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတာကြောင့် ဖြစ်ပါတယ်။

အခုထွက်ရှိလာမယ့် စမတ်မျက်မှန်တွေမှာ မျက်မှန်မှန်ပြင်ပေါ်မှာ ပြသပေးမယ့် Display စနစ် တိုက်ရိုက်ပါဝင်ဦးမှာ မဟုတ်ဘဲ အသံဖြင့်သာ အဓိကထိန်းချုပ်ရမည့် Audio Only ပုံစံမျိုး ဖြစ်လာမှာပါ။

သို့သော်လည်း မျက်မှန်မှာ အဆင့်မြင့်ကင်မရာစနစ် ပါဝင်လာမှာဖြစ်လို့ အသုံးပြုသူ မြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်ကို AI ကပါ လိုက်လံမြင်တွေ့နိုင်မှာဖြစ်ပြီး မိမိသိရှိလိုသည်များကို “Hey Google” ဟု ခေါ်ယူရုံရုံဖြင့် အလွယ်တကူ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ လမ်းညွှန်ခိုင်းခြင်း၊ ဘာသာစကားမျိုးစုံကို ချက်ချင်းဘာသာပြန်ခိုင်းခြင်း၊ သိလိုသမျှကို မေးမြန်းခြင်းအပြင် ဓာတ်ပုံရိုက်ခိုင်းခြင်းတို့ကိုပါ လက်အသုံးမပြုဘဲ ခိုင်းစေနိုင်မှာပါ။ ဒါ့အပြင် မိမိရဲ့ စမတ်ဖုန်းနဲ့လည်း အမြဲချိတ်ဆက်ထားနိုင်မှာဖြစ်လို့ ဖုန်းခေါ်ဆိုခြင်းနဲ့ စာတိုပေးပို့ခြင်းလုပ်ဆောင်ချက်တွေကိုပါ မျက်မှန်ကနေတစ်ဆင့် ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ Google ဟာ ဒီစမတ်မျက်မှန်တွေကို နည်းပညာပစ္စည်းတစ်ခုလိုတင်မကဘဲ စမတ်ကျတဲ့ လူသုံးကုန်ဖက်ရှင်တစ်ခုဖြစ်လာစေဖို့ ကမ္ဘာကျော်မျက်မှန် Brand တွေဖြစ်ကြတဲ့ Gentle Monster နှင့် Warby Parker တို့နဲ့ ပူးပေါင်းထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ Google ရဲ့ ထုံးစံအတိုင်းပဲဖြစ်ပြီး အရင်က Android Smartwatch တွေကို စတင်မိတ်ဆက်စဉ်ကလည်း နာမည်ကြီးနာရီ Brand တွေဖြစ်တဲ့ Montblanc၊ Fossil တို့နဲ့ လက်တွဲခဲ့ဖူးတာကြောင့် အခုမျက်မှန်တွေကလည်း နည်းပညာပိုင်းတင်မကဘဲ ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်မယ့် accessories အသစ်တစ်ခုအဖြစ် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။


Latest