Google ကနေ လာမယ့် မေလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Google I/O Keynote

Google ကနေ လာမယ့် မေလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Google I/O Keynote ပွဲစဉ်အတွင်း Android UI ရဲ့ အကြီးအကျယ် ပြောင်းလဲမှုကို “The Android Show” I/O Edition အနေနဲ့ သီးသန့်မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ Google ဘက်က ထုတ်ပြလိုက်တဲ့ Teaser ဗီဒီယိုထဲမှာ Android စက်ရုပ်လေးဟာ ပုံမှန်အစိမ်းရောင်ကနေ ဖောက်ထွင်းမြင်ရတဲ့ ပုံစံမျိုးနဲ့ အရောင်အသွေးစုံလင်တဲ့ ဒီဇိုင်းအဖြစ် ပြောင်းလဲသွားတာကို မြင်တွေ့ရပြီး ဒီနှစ်ပြောင်းလဲမှုဟာ လူတိုင်းကို အံ့အားသင့်စေလိမ့်မယ်လို့လည်း ကြုံးဝါးထားပါတယ်။

အခုနောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒီနှစ် Android Update ဟာ အရင်နှစ်တွေနဲ့မတူဘဲ UI ပိုင်းကို အခြေခံကအစ အကုန်လုံး အသစ်ဖြစ်သွားအောင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အထူးသဖြင့် Apple ရဲ့ Liquid Glass ဒီဇိုင်းပုံစံမျိုးကို Android ဖုန်းတွေမှာပါ မြင်တွေ့လာရတော့မလားဆိုပြီး နည်းပညာလောကမှာ ခန့်မှန်းချက်တွေ များနေတာပါ။ တကယ်လို့ ဒီဇိုင်းပိုင်းက အဲ့ဒီအတိုင်းသာ ပြောင်းလဲသွားမယ်ဆိုရင်တော့ စမတ်ဖုန်းလောကရဲ့ UI ဒီဇိုင်းတွေဟာ တစ်ခုနဲ့တစ်ခု ပိုမိုတူညီသွားမယ့် အနေအထားမှာ ရှိနေပါတယ်။

ဒါပေမဲ့ ဒီလိုမျိုး UI အသစ်ရဲ့ ရသကို အပြည့်အဝ ခံစားနိုင်ဖို့ကတော့ Google ရဲ့ ကိုယ်ပိုင် Pixel ဖုန်းအသုံးပြုသူတွေအတွက် ပိုပြီးထူးခြားနိုင်မှာဖြစ်လို့ တခြား Android ဖုန်းအမျိုးအစား သုံးစွဲသူတွေကြားမှာတော့ ဘယ်လောက်အထိ အပြောင်းအလဲရှိလာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Android ရဲ့ ဒီဇိုင်းပိုင်း သမိုင်းတစ်ကွေ့ ပြောင်းလဲမှုကတော့ နည်းပညာဝါသနာရှင်တွေအတွက် တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ သတင်းတစ်ခု ဖြစ်နေပါတယ်။


Latest