Your cart is currently empty!
Google I/O 2025 မှာ Google က မိတ်ဆက်လိုက်တဲ့ Flow ဆိုတဲ့ AI နည်းပညာဟာ ရုပ်ရှင်ဖန်တီးသူတွေနဲ့ အနုပညာရှင်တွေအတွက် ပြောစရာတွေ အများကြီးရှိလာတဲ့ AI လို့ပြောရတော့မှာပါ။
ဒီ AI ဟာ ရုပ်ရှင်လောကအတွက် အံ့အားသင့်စရာ နည်းပညာတစ်ခုလို့ ပြောနိုင်ပါတယ်။ Flow က သင်လိုချင်တဲ့ ရုပ်ရှင်ပြကွက်တွေကို စာနဲ့ရေးပြီး ဖော်ပြလိုက်ရုံနဲ့ တကယ့်လူတွေ ရိုက်ကူးထားသလို ပြတ်သားပြီး သဘာဝကျတဲ့ ရုပ်ရှင်တွေ ဖန်တီးပေးနိုင်ပါတယ်။
Flow ဟာ Google ရဲ့ အကောင်းဆုံး AI နည်းပညာတွေဖြစ်တဲ့ Veo (ဗွီဒီယိုဖန်တီးဖို့)၊ Imagen (ရုပ်ထွက်မြင့် ဓာတ်ပုံတွေအတွက်) နဲ့ Gemini (ညွှန်ကြားချက်တွေကို လုပ်ဆောင်ဖို့) တို့ကို ပေါင်းစပ်ထားတာပါ။ ဒါကြောင့် ရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့ အသံ၊ လှုပ်ရှားမှုတွေနဲ့ အက်ရှင်ပြကွက်တွေက တကယ့်သရုပ်ဆောင်တွေ သရုပ်ဆောင်နေသလိုပဲ အသက်ဝင်ပြီး သဘာဝကျပါတယ်။ ဒါ့အပြင်၊ မင်းသားမင်းသမီးတွေရဲ့ ဇာတ်ကောင်ပုံစံတွေ၊ လှုပ်ရှားပုံတွေကို စာနဲ့ ညွှန်ကြားချက်ပေးပြီး စိတ်ကြိုက်ဖန်တီးလို့ရပါတယ်။
ဒါရိုက်တာတွေအနေနဲ့ Flow က ဖန်တီးပေးတဲ့ ပြကွက်တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ ဥပမာ – စာနဲ့ ညွှန်ကြားချက်တွေထည့်ပြီး မြင်ကွင်းတွေကို ပိုကောင်းအောင် လုပ်လို့ရတယ်။ ဒါမဟုတ် ကင်မရာရဲ့ ရိုက်ကူးမှုထောင့်တွေ၊ ဘယ်လိုပုံစံနဲ့ ရိုက်ပြမလဲဆိုတာကိုပါ Flow ထဲမှာ ထိန်းချုပ်လို့ရတဲ့ ကင်မရာထိန်းချုပ်မှု (camera control) စနစ်တွေ ပါဝင်တာကြောင့် ပြကွက်တွေက တကယ့်အပြင်လို အသက်ဝင်ပြီး ရုပ်လုံးကြွလာမှာပါ။
Flow ကို Google AI Pro အစီအစဉ်နဲ့ အသုံးပြုမယ်ဆိုရင် တစ်လကို ၁၉.၉၉ ဒေါ်လာနဲ့ ဗွီဒီယိုတို ၁၀၀ ထုတ်လုပ်နိုင်ပါတယ်။ ပိုမိုအဆင့်မြင့်တဲ့ Google AI Ultra အစီအစဉ်နဲ့ဆိုရင်တော့ သုံးလပတ်တစ်ခုကို ၂၄၉.၉၉ ဒေါ်လာ ပေးရမှာပါ။ ဒါပေမယ့် လောလောဆယ်မှာတော့ Flow ကို အမေရိကန်ပြည်ထောင်စုမှာပဲ အသုံးပြုလို့ရသေးတယ်လို့ Google က ပြောထားပါတယ်။
ဒီ Flow နည်းပညာဟာ ရုပ်ရှင်ထုတ်လုပ်ရေးကို ပိုမိုလွယ်ကူ၊ မြန်ဆန်ပြီး ကုန်ကျစရိတ်သက်သာစေမှာဖြစ်လို့ ရုပ်ရှင်ဖန်တီးသူတွေအတွက် အကြီးမားဆုံး အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ပါတယ်။






