Google ရဲ့ Quick Share

🚀 Google ရဲ့ Quick Share: Android ကနေ iPhone ကို App မလိုဘဲ AirDrop ပို့နိုင်ပြီ!

Apple Device တွေရဲ့ အဓိက အားသာချက်တွေထဲက တစ်ခုဖြစ်တဲ့ AirDrop ကို အသုံးပြုပြီး Apple Device အချင်းချင်း File နဲ့ ဓါတ်ပုံတွေကို လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်တာ လူသိများပါတယ်။

အခုနောက်ပိုင်းမှာ Xiaomi, OPPO, vivo လိုမျိုး တရုတ်ဖုန်းကုမ္ပဏီတွေက Apple နဲ့ AirDrop ပုံစံ File Transfer လုပ်နိုင်အောင် ကြိုးစားလာခဲ့ကြပေမယ့်၊ OPPO ရဲ့ O+ Connect လိုမျိုး App တွေကို ထပ်သွင်းပြီးမှ အသုံးပြုရတဲ့ နည်းလမ်း မျိုးတွေပဲ ရှိပါသေးတယ်။

ဒါပေမယ့် အခုအခါမှာတော့ Google ကနေ Android ရဲ့ မူရင်း File Sharing စနစ်ဖြစ်တဲ့ Quick Share ကနေတစ်ဆင့် ဘာ App မှ ထပ်သွင်းစရာမလိုဘဲ Apple AirDrop Feature ကို တိုက်ရိုက် ထောက်ပံ့ပေးလိုက်ပြီ လို့ တရားဝင် ကြေညာလိုက်ပါတယ်။

✨ Quick Share ၏ စွမ်းဆောင်ရည်အသစ်
Google က ပြသသွားတဲ့ပုံစံအရ-

1.Android ဖုန်းကနေ File မျှဝေတဲ့နေရာမှာ Quick Share ကို ရွေးချယ်လိုက်ရုံပါပဲ။
2.Nearby Device မှာ ပို့ချင်တဲ့ iPhone ကို အလွယ်တကူ မြင်ရပြီး ရွေးချယ်နိုင်ပါလိမ့်မယ်။
3.တစ်ဖက်က iPhone မှာလည်း ဘာ App မှ သွင်းစရာမလိုဘဲ၊ အခြား iPhone တစ်လုံးကနေ ပို့တာနဲ့ အတူတူပဲ “AirDrop”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Accept (လက်ခံ) လုပ်နိုင်မယ့် Notification တက်လာမှာ ဖြစ်ပါတယ်။

ဒါဟာ တကယ်ကို အံ့မခန်း စွမ်းဆောင်ရည်တစ်ခုပါပဲ။

🔒 လုံခြုံရေးနှင့် နည်းပညာ

Google ရဲ့ ပြောကြားချက်အရ၊ ဒီ AirDrop Support ကို ပေးရာမှာ လုံခြုံရေးဆိုင်ရာ ယိုပေါက်ရှိမှာမဟုတ် သလို၊ လုံခြုံရေးကျွမ်းကျင်သူတွေနဲ့လည်း စစ်ဆေးမှုတွေ ပြုလုပ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

အထူးခြားဆုံးကတော့ Google/Android ဘက်က ဒီ AirDrop Support ကို ဖန်တီးရာမှာ Apple ဘက်က အကူအညီ လုံးဝ မယူထားဘဲ၊ သူတို့ကိုယ်တိုင် နည်းပညာကို ဖော်ထုတ်ခဲ့တာ ဖြစ်တယ်လို့လည်း ထပ်လောင်းပြောကြားထားပါတယ်။

📱 အသုံးပြုနိုင်မည့် ဖုန်းများ

ဘာ App မှ ထပ်လုပ်စရာမလိုဘဲ Android နှင့် iPhone တို့ အချင်းချင်း Native System Feature ဖြင့် File Transfer လုပ်နိုင်တာဟာ Mobile လောကအတွက် တကယ့်ကို အရေးပါတဲ့ အပြောင်းအလဲတစ်ခုပါပဲ။

လောလောဆယ်မှာ Google Pixel 10 Series ဖုန်းများ သာလျှင် ဒီ AirDrop Support အသစ်ကို စတင်အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

နောက်ပိုင်းတွင်တော့ အခြားသော Android ဖုန်းများ ကိုပါ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။


Latest