Google ဟာ သူတို့ဝယ်ယူထားတဲ့ Fitbit ကို “Google Health” အမည်သစ်နဲ့ အကုန်အသစ်ပြန်လည် ပြင်ဆင်လိုက်တဲ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ Fitness Tracker အသစ်ဖြစ်တဲ့ Google Fitbit Air ကိုပါ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီကိရိယာသစ်ဟာ စျေးကွက်ထဲက Smartwatch တွေနဲ့မတူဘဲ ဖန်သားပြင် (Screen) မပါဝင်သလို Notification ပြပေးတဲ့ စနစ်တွေလည်း ပါဝင်မှာမဟုတ်ပါဘူး။ Air ဆိုတဲ့ အမည်အတိုင်းပဲ အလေးချိန် ၁၂ ဂရမ်သာ ရှိတာကြောင့် လက်မှာ ပတ်ထားမှန်းတောင် သိသာမှာမဟုတ်ဘဲ Whoop ဒါမှမဟုတ် Amazfit Helio လိုမျိုး ရိုးရှင်းပြီး ပေါ့ပါးမှုကို ဦးစားပေးတဲ့ ကျန်းမာရေး အထောက်အကူပြု ကိရိယာတစ်ခု ဖြစ်ပါတယ်။
စွမ်းဆောင်ရည်ပိုင်းမှာတော့ နှလုံးခုန်နှုန်း၊ အိပ်စက်မှုနဲ့ သွေးတွင်းအောက်ဆီဂျင်တို့ကို တစ်နေ့ ၂၄ နာရီပတ်လုံး တိုင်းတာပေးနိုင်ပါတယ်။ အထူးခြားဆုံးကတော့ တစ်ပတ်တာအတွင်း ကိုယ့်ရဲ့ နှလုံးခုန်နှုန်း အပြောင်းအလဲအပေါ် မူတည်ပြီး ဘယ်နေ့မှာ ပိုနားသင့်တယ်၊ ဘယ်နေ့မှာ ပိုပြီး အလုပ်လုပ်နိုင်တယ်ဆိုတာကို အကြံပေးနိုင်တာပဲ ဖြစ်ပါတယ်။ အိပ်စက်မှုအပိုင်းမှာလည်း ကိုယ့်ရဲ့ အားအင်ကုန်ခမ်းမှုအပေါ် မူတည်ပြီး ဒီညအတွက် အနည်းဆုံး ဘယ်နှနာရီ အိပ်စက်ဖို့ လိုအပ်တယ်ဆိုတာကိုပါ တွက်ချက်ပေးနိုင်ပါတယ်။
ဒါ့အပြင် Google Gemini AI Pro သုံးစွဲသူတွေ ဒါမှမဟုတ် လစဉ်ကြေးပေးသွင်းသူတွေအတွက် Google Gemini Health Coach ဆိုတဲ့ AI စနစ်သစ်ကိုပါ ထည့်သွင်းပေးထားပါတယ်။ ဒီ AI Coach ဟာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုနဲ့ ကျန်းမာရေးအခြေအနေကို သိရှိနေမှာဖြစ်လို့ ကိုယ့်အတွက် သီးသန့်ဖြစ်မယ့် ကျန်းမာရေး လမ်းညွှန်ချက်တွေကို ပြောပြပေးသွားမှာပါ။ အစားအစာ ဓာတ်ပုံတွေကို ရိုက်ပို့ရုံနဲ့ အာဟာရတန်ဖိုး တွက်ချက်ပေးတာ၊ လေ့ကျင့်ခန်းပုံရိပ်တွေကို မှတ်သားပေးတာနဲ့ ဆေးမှတ်တမ်းတွေကို သိမ်းဆည်းပေးတာမျိုးတွေအထိ လုပ်ဆောင်နိုင်ပါတယ်။ ရာသီဥတုနဲ့ တည်နေရာအလိုက် ဘာတွေစားသင့်တယ်၊ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကိုပါ အသေးစိတ် အကြံပြုပေးနိုင်တဲ့အပြင် အမျိုးသမီးတွေအတွက်လည်း ရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကြိုတင်အသိပေးနိုင်မှာပါ။
Google Fitbit Air ကို အမေရိကန်ဒေါ်လာ ၉၉ ဒေါ်လာနဲ့ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ပထမဆုံး ၃ လမှာ AI Health Coach ကို အခမဲ့ စမ်းသပ်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ လစဉ်ကြေးပေးသွင်းပြီး ဆက်သုံးနိုင်သလို ပုံမှန်တိုင်းတာမှုတွေအတွက်ပဲ AI မပါဘဲ ဆက်လက်အသုံးပြုသွားလို့လည်း ရမှာဖြစ်ပါတယ်။ ကျန်းမာရေးကို အလေးထားပြီး ကိုယ်ပိုင် Fitness Coach တစ်ယောက်ရှိသလို ခံစားရစေမယ့် Google ရဲ့ ဒီခြေလှမ်းသစ်ဟာ နည်းပညာနဲ့ ကျန်းမာရေးလောကမှာ တကယ်ကို စိတ်ဝင်စားစရာ အပြောင်းအလဲတစ်ခု ဖြစ်လာမှာပါ။






