iPhone 17 အောင်မြင်မှုကြောင့် Apple ၏ တန်ဖိုး ဒေါ်လာ ၄ ထရီလီယံ စံချိန်တင်

iPhone 17 အောင်မြင်မှုကြောင့် Apple ၏ တန်ဖိုး ဒေါ်လာ ၄ ထရီလီယံ စံချိန်တင်

Apple ကုမ္ပဏီအတွက် iPhone 17 Series ဟာ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ စည်းကြပ်ခွန်ကိစ္စတွေ၊ AI နဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေ ရှိနေပေမဲ့ iPhone 17 ရဲ့ ရောင်းအားဟာ သိသိသာသာ အောင်မြင်ခဲ့ပါတယ်။

ရောင်းအားနှင့် ရှယ်ယာဈေး မြင့်တက်မှု

စံချိန်တင် ရောင်းအား: အမေရိကန်နဲ့ တရုတ်ဈေးကွက်တွေမှာ iPhone အသစ်တွေ စတင်ဖြန့်ချိပြီး ပထမ ၁၀ ရက်အတွင်းမှာပင် iPhone 16 Series ထက် ရောင်းအား ၁၄% ပိုမိုမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ရှယ်ယာဈေး ခုန်တက်: iPhone 17 Lineup စတင်ထွက်ရှိပြီးချိန်မှစ၍ ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးဟာ ၁၃% နီးပါး တက်လာခဲ့ပါတယ်။

စည်းကြပ်ခွန်ကင်းလွတ်ခွင့်ရတဲ့ အိန္ဒိယ နိုင်ငံမှာ iPhone များကို ထုတ်လုပ်ခြင်းဖြင့် သမ္မတ Trump ရဲ့ စည်းကြပ်ခွန်ကို ရှောင်ရှားနိုင်ခဲ့တာဟာ Apple ရဲ့ ရှယ်ယာကို ပြီးခဲ့တဲ့ ၃ လကျော် အတွင်းမှာ ၂၅% ကျော် အထိ မြင့်တက်စေခဲ့တဲ့ အဓိကအကြောင်းရင်း တစ်ခုလည်း ဖြစ်ပါတယ်။

Apple ရဲ့ အမြတ်နဲ့ ဝင်ငွေရဲ့ တစ်ဝက်ကျော် ဟာ iPhone တွေဆီက လာတာဖြစ်ပါတယ်။ iPhone 17 Series ရဲ့ ရောင်းအားတက်မှုနဲ့ ရှယ်ယာဈေးကောင်းမှုရဲ့ အကျိုးဆက်အဖြစ် Apple ရဲ့ ဈေးကွက်တန်ဖိုး (Market Cap) ဟာ စံချိန်သစ်ဆီကို ရောက်ရှိသွားခဲ့ပါတယ်။

Apple ရှယ်ယာဈေးဟာ ဒေါ်လာ ၂၆၉.၈၉ အထိ တက်လာခဲ့တဲ့နောက် ကုမ္ပဏီရဲ့ စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ ၄.၀၀၅ ထရီလီယံ ကို စံချိန်တင် ရောက်ရှိခဲ့ပါတယ်။

ဒါဟာ Apple ဟာ Nvidia နဲ့ Microsoft တို့လို နည်းပညာကုမ္ပဏီကြီးတွေနဲ့အတူ ၄ ထရီလီယံတန် ကုမ္ပဏီ များ စာရင်းထဲကို ဝင်ရောက်သွားခြင်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရှယ်ယာဈေး အနည်းငယ် ပြန်လည်ကျဆင်းသွားတဲ့အတွက် Apple ရဲ့ ကုမ္ပဏီတန်ဖိုးဟာ ဒေါ်လာ ၃.၉၉၂ ထရီလီယံ နဲ့ တတိယ Market Cap အကြီးဆုံးကုမ္ပဏီ အဖြစ် ရပ်တည်နေပါတယ်။

Apple ဟာ ယခုသီတင်းပတ်အတွင်း စတုတ္ထသုံးလပတ် ဝင်ငွေရှင်းတမ်း (Earnings Call) ကို ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့မှာ ထွက်ပေါ်လာမယ့် ဝင်ငွေရှင်းတမ်းရလဒ်မှာ Apple ရဲ့ လတ်တလော ဝင်ငွေနဲ့ အမြတ်အစွန်းဆိုင်ရာ အချက်အလက်များကို ကြားသိရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တတိယသုံးလပတ်မှာတော့ Apple ရဲ့ ဝင်ငွေဟာ ၁၀% တက်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၉၄.၀၄ ဘီလျံ ရရှိခဲ့ပါတယ်။


Latest