Your cart is currently empty!
iPhone Air ရဲ့ ရောင်းအား မကောင်းမှုကြောင့် Apple မှ ထုတ်လုပ်မှု တစ်သန်းလျှော့ချမည်
Apple ရဲ့ အလွန်ပါးလွှာတဲ့ ဒီဇိုင်းနဲ့ flagship အဆင့် specs တွေပါဝင်တဲ့ iPhone Air ဟာ မျှော်မှန်းထားသလောက် ရောင်းအား မကောင်းဘူးလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
The Elec ရဲ့ ဖော်ပြချက်အရ ဝယ်လိုအားဟာ ခန့်မှန်းထားတာထက် နည်းနေတဲ့အတွက် Apple ဟာ ဒီနှစ်မှာ iPhone Air ရဲ့ ထုတ်လုပ်မှု အရေအတွက်ကို တစ်သန်း လျှော့ချသွားဖို့ စီစဉ်နေပါတယ်။
စိတ်ဝင်စားစရာကောင်းတာကတော့ iPhone Air ရဲ့ ထုတ်လုပ်မှုကို လျှော့ချနေပေမဲ့ iPhone 17, iPhone 17 Pro နဲ့ iPhone 17 Pro Max တို့ရဲ့ ထုတ်လုပ်မှုကို စုစုပေါင်း နှစ်သန်းအထိ တိုးမြှင့်ဖို့ Apple က စီစဉ်ထားပါတယ်။ ဒါ့အပြင် iPhone 17 လိုင်းအပ်တစ်ခုလုံးရဲ့ ထုတ်လုပ်မှု ခန့်မှန်းချက်ကို ၂၀၂၆ ခုနှစ် အစောပိုင်းအတွက် ယူနစ် ၈၈ သန်းကနေ ၉၄ သန်းအထိ တိုးမြှင့် ပြင်ဆင်လိုက်ပါတယ်။
iPhone Air ဟာ တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်စဉ်က အလျင်အမြန် ရောင်းကုန်သွားတယ်လို့ သတင်းထွက်ခဲ့ပေမဲ့ အနောက်နိုင်ငံဈေးကွက်တွေမှာတော့ ရောင်းအားသတင်းဟာ တိတ်ဆိတ်နေပါတယ်။ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရတော့ iPhone Air ရဲ့ ဈေးနှုန်းနဲ့ specs တွေက ဆွဲဆောင်မှုကို ကန့်သတ်ထားတာမျိုး ဖြစ်နိုင်ပါတယ်။ စားသုံးသူတွေဟာ ဈေးနှုန်းတန်ဖိုးရှိတဲ့ iPhone 17 ကို ဒါမှမဟုတ် ကင်မရာစနစ် ပိုကောင်းပြီး premium လုပ်ဆောင်ချက်တွေပါတဲ့ iPhone 17 Proမော်ဒယ်တွေကို ပိုပြီး နှစ်သက်နေကြပုံရတယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် iPhone Air ရဲ့ ထုတ်လုပ်မှု လျှော့ချခြင်း ရှိနေပေမဲ့ Apple ရဲ့ iPhone 17 စီးရီး တစ်ခုလုံးရဲ့ ကမ္ဘာတစ်ဝှမ်း ဝယ်လိုအားကတော့ မြင့်မားနေဆဲပါပဲ။






