iPhone Duo ကို ကြေညာပြီးနောက် ကိုရီးယားမှာ Galaxy Z Fold8 ရောင်းအား ပြန်တက်လာ

ကိုရီးယား သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Chosun ရဲ့ ဖော်ပြချက်အရ Apple က iPhone Duo ကို မိတ်ဆက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ Galaxy Z Fold8 ရဲ့ တစ်ပတ်အတွင်း ရောင်းအားဟာ ၁၀ ရာခိုင်နှုန်းနီးပါး တက်လာခဲ့တယ်လို့ သိရပါတယ်။ အချို့ သုံးစွဲသူတွေဟာ Z Fold8 ကို ဝယ်ယူဖို့ သို့မဟုတ် Duo ကို စောင့်ဆိုင်းဖို့အတွက် Apple ဘက်က ဘာတွေ ပြင်ဆင်ထားသလဲဆိုတာကို ကြည့်ရှုဖို့ စောင့်ဆိုင်းနေခဲ့ကြတာပါ။

အမှန်တကယ်တော့ Duo ဟာ အောက်တိုဘာလနှောင်းပိုင်းကျမှ ထွက်ရှိလာမှာဖြစ်ပြီး Samsung ရဲ့ Folding ဖုန်းကတော့ အခုလက်ရှိ ဝယ်ယူလို့ ရရှိနေပြီ ဖြစ်ပါတယ်။ ဒါဟာ သုံးစွဲသူတွေ Samsung ဖုန်းကို ရွေးချယ်လာကြတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတင် မကသေးပါဘူး။

ကိုရီးယားမှာတော့ Samsung ဟာ သူ့ရဲ့ ဖုန်းတွေကို အမေရိကန်နဲ့ ဥရောပတို့ထက် ပိုမိုသက်သာတဲ့ စျေးနှုန်းနဲ့ ရောင်းချပေးနေတာပါ။ ကိန်းဂဏန်း အတိအကျနဲ့ ယှဉ်ကြည့်ရရင် အမေရိကန်မှာ Z Fold8 က $1,900 ရှိပြီး iPhone Duo က $2,000 ရောက်တာမို့ ၅% လောက်ပဲ ကွာခြားပါတယ်။ ဒါဟာ နှစ်ခုလုံးရဲ့ 256GB Model စျေးနှုန်းတွေပါ။ ဥရောပမှာတော့ €2,000 နဲ့ €2,300 ဖြစ်တာကြောင့် ၁၅% အထိ စျေးကွာခြားချက် ပိုကြီးသွားပါတယ်။

ဒါပေမဲ့ ဒီကွာခြားချက်တွေဟာ ကိုရီးယားနိုင်ငံမှာ ကွာခြားချက်နဲ့ ယှဉ်လိုက်ရင်တော့ ဘာမှမဟုတ်တော့ပါဘူး။ အခြေခံ Z Fold8 ရဲ့ စျေးနှုန်းဟာ KRW 2.28 million ရှိပြီး iPhone Duo ကတော့ KRW 3.29 million ဖြစ်တာကြောင့် ကွာခြားချက်ဟာ ၄၄% တောင်မှ ရှိနေပါတယ်။ ဒါကြောင့်လည်း ကိုရီးယား သုံးစွဲသူတွေအနေနဲ့ Apple ရဲ့ ပထမဆုံး ခေါက်ဖုန်းအပေါ် သိပ်ပြီး သဘောမကျကြတာ မဆန်းပါဘူး။ ဒါ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကတော့ iPhone Duo ရဲ့ 2TB Variant ဟာ KRW 5 million စံချိန်ကို ပထမဆုံး ကျော်လွန်သွားတဲ့ Smartphone ဖြစ်လာခဲ့တာပါပဲ (ရောင်းစျေးက KRW 5.09 million ရှိပါတယ်)။

ဘာပဲဖြစ်ဖြစ် စောင့်ဆိုင်းရမယ့် အချိန်နဲ့ စျေးနှုန်းအပြင် iPhone Duo ရဲ့ ထုထည်ကြီးမားမှုကလည်း အဓိက ပြဿနာတစ်ခု ဖြစ်နေပါတယ်။ iPhone Duo ဟာ အထူ 11.3mm နဲ့ အလေးချိန် 254g ရှိပြီး Galaxy Z Fold8 ကတော့ အထူ 9.7mm နဲ့ အလေးချိန် 201g သာ ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ဆန်းသစ်တဲ့ Feature အချို့ ပါဝင်လာခဲ့ပေမဲ့လည်း iPhone Duo ဟာ Foldable ဖုန်းတွေရဲ့ အဓိက ပြဿနာတွေကို လုံးဝ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး (စျေးနှုန်းကြီးမားတာအပြင် တခြား ပြဿနာတွေလည်း ကျန်ရှိနေသေးတာ ဖြစ်ပါတယ်)။


Latest