iPhone Duo ဗီဒီယိုတွေထဲမှာ Split Keyboard၊ App Multitasking စတဲ့ Feature တွေ ပေါ်ထွက်လာ
ဒီနေ့ကတော့ iPhone 18 Pro စတင် ရောင်းချတဲ့နေ့ ဖြစ်ပါတယ်။ အောက်တိုဘာလမှာ ရောက်ရှိလာမယ့် iPhone Duo မထွက်ရှိသေးခင်မှာပဲ သူ့ရဲ့ Software Keyboard၊ App Multitasking၊ Camera Feature တွေနဲ့ တခြား အကြောင်းအရာတွေကို ပြသထားတဲ့ Hands-on ဗီဒီယိုမျိုးစုံ အွန်လိုင်းမှာ ပေါ်ထွက်လို့ လာခဲ့ပါပြီ။
Hands-on ဗီဒီယိုတွေထဲက iPhone Duo ရဲ့ Feature တွေ
iPhone Duo ဟာ အရင်ထွက်ဖူးသမျှ iPhone တွေနဲ့ မတူဘဲ စိတ်လှုပ်ရှားစရာကောင်းတဲ့ Model အသစ်တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆန်းသစ်မှုတွေကြောင့် နေ့စဉ် အသုံးပြုရတဲ့ ခံစားချက်က ဘယ်လိုမျိုး ရှိမလဲဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့တာပါ။
ဥပမာပြောရရင် Screen အရွယ်အစားနဲ့ ပုံသဏ္ဌာန်တွေ ကွဲပြားသွားတဲ့အချိန်မှာ Software Keyboard နဲ့ စာရိုက်ရတာ ဘယ်လိုမျိုး ရှိမလဲဆိုတာပါပဲ။
Flourish Planner က Instagram မှာ မျှဝေထားတဲ့ Reel ဗီဒီယိုအသစ်ထဲမှာတော့ အပြင်ဘက် Display ကို လက်တစ်ဖက်တည်းနဲ့ စာရိုက်တဲ့ ပုံစံရော၊ ခေါက်လို့ရတဲ့ Inner Display ပေါ်မှာ စာရိုက်တဲ့ အတွေ့အကြုံကိုပါ သေချာ ပြသထားတာကို တွေ့ရပါတယ်။
သူမရဲ့ ခံစားချက်အရ စာရိုက်ရတာ ထင်ထားတာထက် ပိုလွယ်ကူပြီး အထူးသဖြင့် အပြင်ဘက် Display ကို သုံးရတာ ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။ iPhone Duo ကို ဖြန့်ထားပြီး ဒေါင်လိုက် ကိုင်သုံးမယ်ဆိုရင်လည်း စာရိုက်ရတာ အရမ်း အဆင်ပြေတဲ့ အတွေ့အကြုံကို ရရှိစေမှာပါ။
iPhone Duo ရဲ့ Folding Display ကို အလျားလိုက် (Horizontal Mode) သုံးတဲ့အခါ Split Keyboard UI ကို ပြောင်းလဲအသုံးပြုနိုင်မယ့် Option ပါဝင်ပါတယ်။ ဒါကြောင့် Keyboard ရဲ့ တစ်ဝက်စီကို Screen ဘေးတစ်ဖက်တစ်ချက်ဆီမှာ သက်သောင့်သက်သာရှိအောင် အလွယ်တကူ ကျုံ့ပေးထားတာမို့ မတူညီတဲ့ လက်မနှစ်ဖက်နဲ့ စာရိုက်ရတာ အဆင်ပြေစေပါတယ်။
ဒီ Account ကပဲ တခြား Reel ဗီဒီယိုတစ်ခုမှာ iPhone Duo နဲ့ စာအုပ်ဖတ်ရတဲ့ အတွေ့အကြုံကို ပြသထားပါသေးတယ်။ Duo ကို အနည်းငယ် ခေါက်ထားပြီး စာအုပ် ဖတ်ပြထားတာဖြစ်ပြီး စာရွက်လှန်တဲ့ Page-flip Animation က တကယ့် စာအုပ်အစစ်ကို ဖတ်နေရသလိုမျိုး ပြုလုပ်ထားတာပါ။
Multitasking ပိုင်းကိုတော့ Rich DeMuro ရဲ့ ဗီဒီယိုထဲမှာ ပြသထားပြီး System App တွေအတွက် Landscape View အသစ်တွေကိုပါ အမိုက်စား တွေ့မြင်ရပါတယ်။ ယေဘုယျအားဖြင့် iPhone Duo ကို Landscape ပုံစံ ကိုင်ထားရင် အကြောင်းအရာတွေကို ညာဘက်မှာ ပြသပေးပြီး Left Sidebar တွေကိုတော့ ဘယ်ဘက်မှာ ပြသပေးတာမို့ iPad ရဲ့ Layout နဲ့ အတော်လေး ဆင်တူပါတယ်။
နောက်ဆုံးအနေနဲ့ GadgetMatch ရဲ့ Post ထဲမှာတော့ Camera Capabilities၊ Gaming၊ StandBy Mode စတဲ့ Feature ပေါင်းစုံကို Demo ပြသထားပါတယ်။ iPhone Duo ရဲ့ သီးသန့် ပါဝင်လာတဲ့ Camera Feature တွေကတော့ စမ်းသပ်သုံးစွဲသူတွေကြားထဲမှာ တော်တော်လေး သဘောကျ နှစ်သက်နေကြပုံ ရပါတယ်။






