Qualcomm နေရာ အစားထိုးလာမယ့် Apple ကိုယ်ပိုင် မျိုးဆက်သစ် “C2 Cellular Modem” ကြောင့် ဘာတွေ ထူးခြားလာမလဲ?

iPhone 18 Pro Series မှာ Qualcomm နေရာ အစားထိုးလာမယ့် Apple ကိုယ်ပိုင် မျိုးဆက်သစ် “C2 Cellular Modem” ကြောင့် ဘာတွေ ထူးခြားလာမလဲ?

ဒီနှစ်ထဲမှာ ထွက်ရှိလာဖို့ရှိတဲ့ iPhone 18 Pro နဲ့ Pro Max မော်ဒယ်တွေမှာ လက်ရှိသုံးနေကျ Qualcomm 5G Modem နေရာမှာ Apple ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ “C2 Cellular Modem” ကို ပြောင်းလဲအသုံးပြုလာတော့မှာ ဖြစ်ပါတယ်။ 9to5Mac ရဲ့ သတင်းထုတ်ပြန်ချက်အရ ဒီ C2 Chip အသစ်စက်စက်ကြီးကြောင့် ယခင် iPhone 17 ထက် သိသိသာသာ ပိုမိုသာလွန်ကောင်းမွန်လာမယ့် အပြောင်းအလဲကြီးတွေ ရှိလာမှာပါ။

ပထမဆုံးအနေနဲ့ iOS ဆော့ဖ်ဝဲလ်၊ A-Class Processor နဲ့ ဒီ C2 Modem တို့အကြား အချိတ်အဆက် ပိုမိသွားမှာဖြစ်လို့ စွမ်းအင်သုံးစွဲမှုကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဒေတာ (Cellular) သုံးနေချိန်မှာတောင် ဘက်ထရီကုန်သက်သာစေမှာဖြစ်ပြီး iPhone 18 Pro ရဲ့ ပိုကြီးမားလာမယ့် ဘက်ထရီပမာဏနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘက်ထရီသက်တမ်းက သိသိသာသာကြီး ပိုအကြမ်းခံလာပါလိမ့်မယ်။

ဒါ့အပြင် Apple ကိုယ်ပိုင် Modem သုံးထားတဲ့ စက်တွေမှာပဲ သီးသန့်ရမယ့် တည်နေရာလုံခြုံရေး ‘Limit Precise Location’ ဆိုတဲ့ Privacy Feature လည်း ပါဝင်လာဦးမှာပါ။ ဒီစနစ်က အော်ပရေတာ (Carrier) တွေအနေနဲ့ ဖုန်းလိုင်းတိုင်တွေကနေတစ်ဆင့် ကိုယ့်ရဲ့လမ်းနာမည်၊ အိမ်လိပ်စာအထိ အတိအကျ သိနိုင်စွမ်းရှိတာကို တားဆီးပေးမှာ ဖြစ်ပါတယ်။ လိုင်းဆွဲအားကို လုံးဝမထိခိုက်စေဘဲ အနီးအနားဝန်းကျင်လောက်ပဲ ပြသပေးမယ့် စနစ်မျိုးဖြစ်လို့ ကိုယ့်ရဲ့ Privacy အတွက် ပိုမိုစိတ်ချရသွားမှာပါ။
နောက်ဆုံးအချက်ကတော့ လူကျပ်တဲ့နေရာ ဒါမှမဟုတ် လိုင်းဆွဲအားမငြိမ်တဲ့ နေရာတွေမှာတောင် ကွန်ရက်ချိတ်ဆက်မှု ပိုမိုမြန်ဆန်ငြိမ်သက်လာမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ Processor ကနေ Modem ဆီကို စာပို့တာ၊ ဖုန်းခေါ်တာမျိုးလိုမျိုး အရေးကြီးဆုံးဒေတာတွေကို အရင်ဦးစားပေး ပို့ခိုင်းနိုင်မှာဖြစ်လို့ ကွန်ရက်ကျပ်ညပ်နေရင်တောင် ဖုန်းက လေးလံထစ်အသွားတာမျိုးမရှိဘဲ အမြဲသွက်လက်နေမှာပါ။

Qualcomm ကနေ ခွဲထွက်ပြီး ကိုယ်ပိုင်လမ်းကြောင်းသစ် ဖောက်လာမယ့် Apple ရဲ့ ဒီခြေလှမ်းသစ်ထဲမှာ သူငယ်ချင်းတို့ကော ဘယ်အပြောင်းအလဲကို အကြိုက်ဆုံးလဲ? ကွန်မန့်မှာ မျှဝေခဲ့ကြပါဦး။


Latest