Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား

ဒီ Battery နည်းပညာက ဖုန်းတစ်လုံးကို တစ်ကြိမ် အားသွင်းရုံနဲ့ ပိုမို ကြာရှည်စွာ အသုံးပြုနိုင်စေမှာ ဖြစ်ပေမဲ့ Battery ရဲ့ စုစုပေါင်း သက်တမ်းကတော့ ထင်သလောက် ကြာရှည်ခံချင်မှ ခံပါလိမ့်မယ်။

လွန်ခဲ့တဲ့ နှစ်နည်းနည်းက Honor, Oppo နဲ့ Xiaomi လိုမျိုး တရုတ်အမှတ်တံဆိပ် ထုတ်လုပ်သူအများစု အသုံးပြုလာကြပြီးတဲ့နောက် Silicon Carbon Battery တွေ တပ်ဆင်ထားတဲ့ စမတ်ဖုန်း အရေအတွက် ပိုမိုများပြားလာတာကို သင် သတိထားမိကောင်း သတိထားမိပါလိမ့်မယ်။ အခုဆိုရင် Samsung ကပါ ဒီနည်းပညာကို စတင်အသုံးပြုလာခဲ့ပြီ ဖြစ်ပါတယ်။

Silicon Carbon Battery တွေဟာ ပုံမှန် Lithium ion Battery တွေထက် စွမ်းအင်သိုလှောင်နိုင်စွမ်း ပိုမိုကြီးမားတာကြောင့် အချို့ ဖုန်းတွေမှာ အားတစ်ကြိမ်သွင်းရုံနဲ့ နှစ်ရက်ဆက်တိုက် အပြည့်အဝ သုံးစွဲနိုင်တယ်လို့ ကြေညာထားပါတယ်။ အာရှထုတ် ဖုန်းတွေမှာ ဒီဆဲလ်တွေဟာ စံနှုန်းတစ်ခု ဖြစ်လာတာနဲ့အမျှ အနောက်နိုင်ငံထုတ် ဖုန်းတွေမှာပါ ပိုမိုမြင်တွေ့လာရဖို့ ရှိနေပါတယ်။ 

ဒါကြောင့် Silicon Carbon Batteryတွေရဲ့ ထူးခြားချက်တွေ၊ ဘာကြောင့် အားခံချိန်ကို သိသိသာသာ ပိုမိုပေးစွမ်းနိုင်တာလည်းနဲ့ ဖုန်းရဲ့ သက်တမ်းအပိုင်းမှာ ဘာကြောင့် စိစစ်စရာတွေ ရှိလာနိုင်သလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

ဘက်ထရီတွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့ အခြေခံသဘောတရား

ဘက်ထရီတစ်ခုကို အဓိက အပိုင်းသုံးပိုင်းနဲ့ ဖွဲ့စည်းထားပါတယ် – အဲဒါတွေကတော့ အနုတ်ငုတ် (Anode)၊ အပေါင်းငုတ် (Cathode) နဲ့ သူတို့နှစ်ခုကြားမှာရှိတဲ့ လျှပ်ကူးရည် (Electrolyte) တို့ ဖြစ်ကြပါတယ်။ ဘက်ထရီ အားအပြည့်ဝင်နေချိန်မှာ အီလက်ထရွန်အားလုံးကို အနုတ်ငုတ်မှာ ထိန်းသိမ်းထားပြီး ဒီကနေတစ်ဆင့် အပေါင်းငုတ်ဆီသို့ ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးပါတယ်။ 

လျှပ်ကူးရည်ကို ဖြတ်သန်းသွားတဲ့ အီလက်ထရွန်တွေရဲ့ စီးဆင်းမှုက လျှပ်စစ်နဲ့ ဓာတုဓာတ်ပြုမှုတွေကို ဖြစ်ပေါ်စေပြီး စွမ်းအင်ကို ထုတ်လွှတ်ပေးတာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေမှာ သုံးလေ့ရှိတဲ့ ဆဲလ်တွေမှာတော့ အနုတ်ငုတ်ဆီ အီလက်ထရွန်တွေကို အကြိမ်ကြိမ် ပြန်လည်ဖြည့်တင်းပေးနိုင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ လျှပ်ကူးရည်ထဲက ဓာတ်ပြုဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ကုန်ခွဲသွားတာကြောင့် စွမ်းအင်သိုလှောင်နိုင်စွမ်း လျော့ကျလာလေ့ ရှိပါတယ်။

ဒါကို ရေပန်းဥယျာဉ်က လျှောစီးကြောင်းတစ်ခုနဲ့ ခိုင်းနှိုင်းကြည့်နိုင်ပါတယ်။ ထိပ်ဆုံး (အနုတ်ငုတ်) မှာ တန်းစီစောင့်ဆိုင်းနေတဲ့ အီလက်ထရွန်များ ရှိပြီး သူတို့အားလုံးဟာ အောက်ခြေ (အပေါင်းငုတ်) ဆီ အမြန်ဆုံး လျှောဆင်းချင်နေကြပါတယ်။ လျှောစီးကြောင်းပေါ် စီးဆင်းနေတဲ့ ရေ (လျှပ်ကူးရည်) က  အပေါ်ကနေ အောက်ဆီ ရောက်အောင် ကူညီပေးပါတယ်။ အောက်ရောက်သွားတဲ့ ကလေးတွေဟာ နောက်တစ်ကြိမ် လျှောစီးဖို့ အပေါ်ကို ပြန်ပြေးတက်ကြမှာ ဖြစ်ပါတယ်။ (အားပြန်သွင်းခြင်း)။ သို့သော်လည်း ရေသိုလှောင်မှု ကုန်ခမ်းသွားပြီး လျှောစီးကြောင်း အောက်ခြေ ခြောက်သွေ့သွားတဲ့အခါမှာတော့ ဆက်လက် အသုံးပြုလို့ မရတော့ပါဘူး။

Lithium ion batteries

လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုခွဲကျော်ကတည်းက လူသုံးကုန် လျှပ်စစ်ပစ္စည်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့တဲ့ Lithium ion batteries ပါဝင်တဲ့ စက်ပစ္စည်းတစ်ခုခုနဲ့ ဒီဆောင်းပါးကို သင် ဖတ်ရှုနေတာ ဖြစ်နိုင်ပါတယ်။ 

အခြား ရွေးချယ်စရာတွေနဲ့ နှိုင်းယှဉ်ရင် ပေါ့ပါးခြင်း၊ စွမ်းအင်သိပ်သည်းဆ မြင့်မားခြင်းနဲ့ သက်တမ်းမကုန်မီ အကြိမ်ပေါင်းများစွာ အားသွင်း/အားသုံး ပြုလုပ်နိုင်ခြင်းတို့ကြောင့် တွင်ကျယ်စွာ အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြစ်ဆိုဖွယ် လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် Lithium ion batteries တစ်ခုမှာ ဂရက်ဖိုက်အမှုန့်ဖြင့် ပြုလုပ်ထားတဲ့ အနုတ်ငုတ်၊ Lithium ion ဖော့စဖိတ်အမှုန့်နဲ့ ပြုလုပ်ထားတံ့ အပေါင်းငုတ်နဲ့ အီသီလင်း ကာဘိုနိတ် လျှပ်ကူးရည်တို့ ပါဝင်ကြပါတယ်။

ဘက်ထရီဓာတုဗေဒ ကျွမ်းကျင်သူ Dr. Ruth Sayers က ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်း Lithium ion  ဆဲလ်အတွင်းရှိ အပေါင်းငုတ်နဲ့ လျှပ်ကူးရည်တို့ကို မွမ်းမံပြင်ဆင်ဖို့ အချိန်အများကြီး ပေးခဲ့ရတယ်လို့ ရှင်းပြပါတယ်။ “ကျန်တဲ့ အစိတ်ပိုင်းတွေအားလုံးကို တတ်နိုင်သလောက် အကောင်းဆုံး ပြင်ဆင်ထုတ်လုပ်ပြီးပါပြီ၊ ကျမတို့ ဂရက်ဖိုက်အနုတ်ငုတ်ကိုပဲ ဆယ်စုနှစ်ပေါင်းများစွာ ဆက်တိုက် သုံးလာခဲ့တာပါ” ဟု သူမက ဆိုပါတယ်။ ဒီနေရာမှာ ဂရက်ဖိုက်အနုတ်ငုတ်တွေဟာ ဘက်ထရီရဲ့ စွမ်းဆောင်ရည်ကို ကန့်သတ်ထားတဲ့ အဓိကအချက် ဖြစ်နေပြီး ဆီလီကွန်ဟာ ဂရက်ဖိုက်ကို ယှဉ်ပြိုင်လာနိုင်မယ့် အရာအဖြစ် ရှုမြင်ခံထားရတာ ဖြစ်ပါတယ်။

Silicon carbon batteries

ဒီဆဲလ်တွေကို ဆီလီကွန် ကာဘွန် ဘက်ထရီလို့ ခေါ်ဆိုခြင်းဟာ အနည်းငယ် လွဲမှားနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ အပေါင်းငုတ်အတွက် လစ်သီယမ်အခြေခံ ပစ္စည်းတွေကိုပဲ ဆက်လက်အသုံးပြုထားလို့ ဖြစ်ပါတယ်။ 

အနုတ်ငုတ်တစ်ခုလုံးကိုလည်း ဆီလီကွန် ကာဘွန်ချည်းပဲ သီးသန့် အသုံးပြုထားခြင်း မရှိပါဘူး။ အဲဒီအစား လက်ရှိဆဲလ်တွေမှာ ပါဝင်တဲ့ ဂရက်ဖိုက်နဲ့ ဆီလီကွန် ကာဘွန် ရာခိုင်နှုန်း အနည်းငယ်ကိုသာ ရောစပ်အသုံးပြုထားတာ ဖြစ်ပါတယ်။

ဒါဟာ Samsung နဲ့ အခြားဖုန်းထုတ်လုပ်သူတွေ လက်ရှိပြုလုပ်နေတဲ့ နည်းလမ်း ဖြစ်ပါတယ်။ Samsung က စွမ်းအင်သိပ်သည်းဆ မြှင့်တင်ဖို့အတွက် ဆီလီကွန်-ကာဘွန် ပစ္စည်းကို မိတ်ဆက်ခဲ့တာဖြစ်ပြီး ဒီပစ္စည်းဟာ ထင်ရှားတဲ့ အားသာချက်တွေ ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။ စက်မှုလုပ်ငန်းသုံး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအရ ဒါကိုပဲ ဆီလီကွန် ကာဘွန် ဘက်ထရီလို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

“ဆီလီကွန် ထည့်သွင်းတာက ဆန်းသစ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး” ဟု ဖင်လန်နိုင်ငံ Seinäjoki University of Applied Sciences မှ သုတေသနအရာရှိ Dr. Juho Heiska က ပြောကြားခဲ့ပါတယ်။ သို့သော် ထုတ်လုပ်မှု၊ အင်ဂျင်နီယာပိုင်းနဲ့ ဓာတုဗေဒ လုပ်ငန်းစဉ်တွေ တိုးတက်လာတာကြောင့် ဆီလီကွန် ကာဘွန် ရောစပ်မှု ပမာဏကို ပိုမိုတိုးမြှင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Dr. Heiska က ထုတ်လုပ်သူအများအပြားဟာ လက်ရှိ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေထဲ တိုက်ရိုက်ထည့်သွင်းနိုင်မယ့် ပစ္စည်းတွေကို ဖန်တီးနေကြတာဖြစ်ပြီး ထုတ်လုပ်မှုစရိတ် ပိုမိုကြီးမားတာကြောင့် စမတ်ဖုန်းတွေမှာ စတင်မိတ်ဆက်တာက ပိုမိုသင့်တော်ကြောင်း ပြောကြားခဲ့ပါတယ်။

Samsung ဟာ ဆီလီကွန် ကာဘွန်ဆဲလ်တွေကို အသုံးပြုလာတဲ့ အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ သို့သော်လည်း Samsung ဟာ ဒီဘက်ထရီတွေရဲ့ သက်တမ်းဟာ ယခင်လစ်သီယမ် ဘက်ထရီတွေထက် ပိုမိုမြန်ဆန်စွာ ကျဆင်းသွားနိုင်တယ်လို့ ယုံကြည်ထားပုံရပါတယ်။ အီးယူ (EU) ထံ တင်ပြထားသည့် စာရွက်စာတမ်းများတွင် ယခင်မျိုးဆက်က ကတိပြုထားတဲ့ အကြိမ် ၂,၀၀၀ အားသွင်းမှု သက်တမ်းမှာ ၁,၂၀၀ သို့ သိသိသာသာ လျော့ကျသွားမယ်လို့ ဖော်ပြထားပါတယ်။

ဆီလီကွန် ကာဘွန် ဘက်ထရီ အသုံးပြုခြင်း၏ အားသာချက်များ

ဆီလီကွန် ကာဘွန်နဲ့ ဂရက်ဖိုက် အနုတ်ငုတ် ပေါင်းစပ်အသုံးပြုခြင်းဟာ ကြီးမားတဲ့ အားသာချက်များစွာ ရှိပါတယ်။ “ဂရက်ဖိုက်ဟာ တစ်ဂရမ်ကို ၃၃၀ မီလီအမ်ပီယာနာရီခန့် စွမ်းအင်သိုလှောင်နိုင်စွမ်းရှိပြီး ဆီလီကွန်ကတော့ ဂရက်ဖိုက်ထက် ဆယ်ဆမျှ ပိုမိုသိုလှောင်နိုင်ပါတယ်” ဟု Dr. Sayers က ရှင်းပြပါတယ်။ ဆီလီကွန် ကာဘွန် ဘက်ထရီအသုံးပြုစဉ် ဖြစ်ပေါ်တဲ့ ဓာတုဓာတ်ပြုမှုဟာ လစ်သီယမ်အိုင်ယွန်နဲ့ လုံးဝမတူဘဲ သတ္တုစပ်ဖြစ်ပေါ်ခြင်း (Alloying) ဟု ခေါ်ဆိုကာ လစ်သီယမ်တွေ ပိုမိုသိုလှောင်နိုင်စေတာကြောင့် ကြီးမားသော စွမ်းအင်ပမာဏကို ရရှိစေတာ ဖြစ်ပါတယ်။

အလေးချိန်အလိုက် စွမ်းအင်သိုလှောင်နိုင်စွမ်း ပိုမိုကြီးမားလာတာကြောင့် ဘက်ထရီတွေဟာ အားထိန်းနိုင်စွမ်း ပိုမိုကြီးမားလာပြီး အရွယ်အစားအားဖြင့် ပိုမိုသေးငယ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ စမတ်ဖုန်း ဘက်ထရီတွေဟာ ယခင်ကလို အထူကြီး ဖြစ်မသွားဘဲ စွမ်းအင်ပမာဏ မြင့်မားစွာ ရရှိလာတာ ဖြစ်ပါတယ်။

ထို့အပြင် ဆီလီကွန် ကာဘွန် ဘက်ထရီတွေဟာ ပုံမှန်ဘက်ထရီတွေထက် အားသွင်းစနစ် ပိုမိုမြန်ဆန်စေပါတယ်။ ဂရက်ဖိုက်ထက်စာရင် ဆီလီကွန်ဟာ အားသွင်းရာမှာ ပိုမိုမြန်ဆန်တာကြောင့် အမြန်အားသွင်းစနစ်ကို များစွာ အထောက်အကူပြုပါတယ်။ အခြား အားသာချက်တစ်ခုကတော့ ဆီလီကွန်ဟာ ဈေးနှုန်းသက်သာပြီး ပေါပေါများများ ရရှိနိုင်တာကြောင့် ကုန်ကြမ်းရှားပါးမှု အန္တရာယ်တွေကို လျှော့ချပေးနိုင်ခြင်း ဖြစ်ပါတယ်။

အားနည်းချက်များ

နည်းပညာသစ် တိုင်းမှာလိုပဲ ကျယ်ပြန့်စွာ မသုံးစွဲနိုင်အောင် တားဆီးထားတဲ့ အားနည်းချက်အချို့ ရှိနေပါတယ်။ ဆီလီကွန် ကာဘွန် ဘက်ထရီတွေဟာ အားသွင်းနှုန်းနဲ့ စွမ်းအင်သိုလှောင်မှု ပိုမိုကောင်းမွန်ပေမဲ့ သက်တမ်းအသုံးပြုနိုင်မှု (Cycle life) အနည်းငယ် ပိုတိုတောင်းသွားမှာ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် ဒြပ်ပစ္စည်းတစ်ခုထဲကို လျှပ်စစ်ဓာတ်အား ထည့်သွင်းလိုက်တဲ့အခါ ပုံစံပြောင်းလဲမှု သို့မဟုတ် ဖောင်းပွမှု ဖြစ်ပေါ်လေ့ ရှိပါတယ်။

ဘက်ထရီအားလုံးဟာ ဒီလိုပုံစံပြောင်းလဲမှု ဖြစ်လေ့ရှိကြပါတယ်။ ဂရက်ဖိုက်ဟာ အားသွင်းစဉ် ၁၀ ရာခိုင်နှုန်းခန့်သာ ဖောင်းပွမှုရှိပေမဲ့ ဆီလီကွန်ကတော့ ၄၀၀ ရာခိုင်နှုန်းအထိ အမားအပြား ဖောင်းပွသွားတာ ဖြစ်ပါတယ်။ ဒါဟာ ဆီလီကွန်တစ်ခုတည်းနဲ့ ပြုလုပ်ထားတဲ့ ဘက်ထရီကို မမြင်တွေ့ရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပြီး၊ ထိုသို့ပြုလုပ်ပါက သက်တမ်းတိုလွန်းလှမှာ ဖြစ်ပါတယ်။

ဓာတုဗေဒအဆင့်မှာတော့ ဆီလီကွန်အတွင်း လစ်သီယမ် ထည့်သွင်းလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို ထိန်းချုပ်ပြီး ကုန်ထုတ်လုပ်သူတွေအနေနဲ့ သုံးစွဲသူတွေ လက်ခံနိုင်မယ့် စွမ်းအင်ပမာဏနဲ့ သက်တမ်း ကြားက မျှခြေကို ရှာဖွေဖို့ လိုအပ်ပါတယ်။ သုတေသီတွေအနေနဲ့ စွမ်းအင်မြင့်မားစွာ ပေးနိုင်ပြီး သက်တမ်းကိုလည်း ထိန်းသိမ်းထားနိုင်မယ့် ဆီလီကွန်နဲ့ ဂရက်ဖိုက် အချိုးအစားကို ရှာဖွေနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

လက်ရှိတွင်လည်း ဆီလီကွန် ကာဘွန်ဆဲလ်တွေရဲ့ အရည်အသွေးနဲ့ တည်ငြိမ်မှုကို မြှင့်တင်ပေးနိုင်မယ့် ထုတ်လုပ်မှု လုပ်ငန်းစဉ်အသစ်များစွာကို လုပ်ဆောင်နေကြပါတယ်။

ဘက်ထရီ ပမာဏနဲ့ သက်တမ်း ကြားက ပေးဆပ်ရမှုတွေရှိပေမဲ့ စမတ်ဖုန်းတွေဟာ ဒီနည်းပညာကို စတင်သုံးစွဲဖို့ အကောင်းဆုံး အခင်းအကျင်း ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ လူတွေဟာ နှစ်အနည်းငယ်ကြာတိုင်း ဖုန်းအသစ် လဲလှယ်လေ့ရှိကြတာ ကြောင့်ဖြစ်သလို၊ ဖုန်းတစ်လုံးဟာ အားတစ်ကြိမ်သွင်းရုံနဲ့ နှစ်ရက်ခန့် ခံမယ်ဆိုရင် ပုံမှန် မကြာခဏ အားသွင်းလေ့ရှိတဲ့ အလေ့အထများလည်း ပြောင်းလဲသွားနိုင်တာကြောင့် ဖြစ်ပါတယ်။


Latest